ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိဟုဆို 

By ရောင်နီ (မဇ္စျိမ)
12 July 2023
ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိဟုဆို 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ရာ ထိခိုက်မှုများရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၂၃) တပ်ရင်း တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

ရွှေဘိုမြို့၊ နန်းတော်ရာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဇူလိုင်လ ၁၁ ရက်နေ့ ၊ နံနက် ၁၁ နာရီ၀န်းကျင်တွင် ကာကွယ်ရေးတပ်ဖွဲ့ က လက်ပစ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

“ ရွှေဘို နန်းတွင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သန့်ရှင်းရေးလုပ်နေတဲ့အချိန် နေရာသုံးနေရာကနေ လက်ပစ်မိုင်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လေးဦး သေဆုံးတယ်ဆိုပြီး သိထားရတယ်။ အထိအခိုက်တွေရှိပေမယ့် အတိအကျ တော့ မသိရသေးဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း( ၂၃)  တာ၀န်ရှိသူက ပြောသည်။ 

 နန်းတော်ရာအတွင်းတွင် အာဏာသိမ်းပြီးနောက် အင်အား ၆၀ ၀န်းကျင်ခန့်ဖြင့် စစ်ကောင်စီတပ်က လာရောက်တပ်စွဲထားခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် သွားရောက်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ 

ယမန်နေ့က လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောကြားထားသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိပေ။ 

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့အတွင်း ကားများဖြင့် လှည့်လည်စစ်ဆေးကာ ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း( ၂၃) က သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ တိုက်ခိုက်မှုကို  ရွှေဘိုခရိုင်အမှတ် (၂၃) တပ်ရင်းနှင့် တပ်ခွဲ(၁)၊ NaungYoeArmy၊ရွှေဘိုကျားကြီး‌ေပြာက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က  ရွှေဘို မန္တလေး ရထားလမ်းကို ပြန်လည်ပြေးဆွဲရန် စီစဥ်နေပြီး အင်အား ၈၀ ခန့်ပါ စစ်ကြောင်းဖြင့်  ရထားသံလမ်းတစ်လျှောက်ရှိ မိုင်းများကို ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly