အရှေ့တောင်အာရှက နျူကလီးယားလက်နက် ကင်းမဲ့ဇုန် ဖြစ်ရမည်ဟု အင်ဒိုနီးရှား ပြော

အရှေ့တောင်အာရှက နျူကလီးယားလက်နက် ကင်းမဲ့ဇုန် ဖြစ်ရမည်ဟု အင်ဒိုနီးရှား ပြော

နျူကလီးယားလက်နက် ကင်းမဲ့ဇုန်အဖြစ် အရှေ့တောင်အာရှဒေသအား ဆက်လက်ထိန်းသိမ်းထားရေးအတွက် သက်ဆိုင်ရာအားလုံးအနေဖြင့် အစွမ်းကုန် ကြိုးစားအားထုတ်ရမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ထပ်လောင်းပြောသည်။

ဂျကာတာတွင် အင်္ဂါနေ့၌ ၅၆ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သဘာပတိ တာဝန်ယူထားချိန်၌ ဝန်ကြီးက ကမ္ဘာသည် လက်ရှိအချိန်၌ မကြာသေးသော သမိုင်းအတွင်း မည်သည်အချိန်ကမဆိုထက် နျူကလီးယားလက်နက် သုံးစွဲမည့် ဘေးအန္တရာယ် မြင့်မားနေသည်ကို ကြုံဆုံနေရကြောင်း ပြောဆိုသည်။

“နျူကလီးယားလက်နက်ထက် ဘယ်လက်နက်ကမျှ အားမပြင်းဘူး၊ ဖျက်အား မကြီးဘူး၊ နျူကလီးယားလက်နက်တွေကြောင့် ကမ္ဘာပျက်ကိန်းနဲ့ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးတွေနဲ့ ကျွန်မတို့ဟာ ဘေးမသီရန်မခ ရှိမနေနိုင်ဘူး”ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မာဆူဒီက မှတ်ချက်ပြုပြောဆိုသည်။

အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းစင်ရေးဇုန် ကော်မရှင် SEANWFZ အဖြစ် ဝန်ကြီးများသို့ ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

SEANWFZ သည် ကမ္ဘာလုံးဆိုင်ရာ လက်နက်ဖျက်သိမ်းရေးမှနေ၍ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းထားနိုင်ရေး စုပေါင်းအားထုတ်မှုပဲ ဖြစ်ကြောင်း မာဆူဒီက ပြောသည်။

လွန်ခဲ့သော ၂၅ နှစ်က အာဆီယံ အဖွဲ့ဝင်များကြား လက်မှတ်ထိုးထားသော SEANWFZ ပဋိဉာဉ်၏ ညှိနှိုင်းချက်မှတ်တမ်းတွင် မည်သည့် နျူကလီးယားလက်နက်နိုင်ငံကမျှ ပါဝင်လက်မှတ်ထိုးထားခြင်း မရှိသည်နှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရကြောင်း ဝန်ကြီးက ဖော်ပြသည်။

တရုတ်၊ ရုရှ၊ ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန် နျူကလီးယားလက်နက်နိုင်ငံ ငါးနိုင်ငံကို အရှေ့တောင်အာရှအား နျူကလီးယားလက်နက် ကင်းမဲ့ဇုန် ဒေသအဖြစ် ပေါ်ပေါက်လာရေး ကြိုးစားအားထုတ်မှုများတွင် ပါဝင်လာရန် ညှိနှိုင်းချက် မူကြမ်းကို ရေးဆွဲထားခြင်းပဲ ဖြစ်သည်။

သို့သော်ငြားလည်း အာဆီယံအနေဖြင့် ပန်းတိုင် ဆောင်ကြဉ်းနိုင်ရေးအတွက် ရှေ့တိုးဖော်ဆောင်သွားရမည်သာ ဖြစ်ကြောင်း မာဆူဒီက အခိုင်အမာ ပြောဆိုသည်။

“ကျွန်တို့ဟာ နျူကလီးယားလက်နက်နိုင်ငံတွေရှေ့မှာ စည်းလုံးတဲ့ ရှေ့ဆောင်အင်အားစုအဖြစ် ပေါ်ထွက်လာရမှာ ဖြစ်တယ်၊ နျူကလီးယားလက်နက် ကင်းမဲ့ဇုန်ဒေသအဖြစ်ဆီ ရှေ့ဆက်သွားနိုင်ရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly