တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ကလေး - တမူးလမ်းပိုင်း ဆက်လက်ပိတ်ဆို့နေ

By ပါခွီး(မဇ္စျိမ)
09 July 2023
တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ကလေး - တမူးလမ်းပိုင်း ဆက်လက်ပိတ်ဆို့နေ

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နှင့် တမူးမြို့ကို ဆက်သွယ်ထားသော လမ်းပိုင်းတွင် ထိတွေ့တိုက်ပွဲ များဖြစ်ပွားနေခြင်းကြောင့် လမ်းပိတ်ဆို့မှုဆက်လက်ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တမူး - ကလေးလမ်းပေါ်ရှိ ပန်းသာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစော ထီး၊ ကသည်း ၊ ရှမ်းနီများပါဝင်သော ပူး‌ပေါင်းတပ်ဖွဲ့နှင့် တမူးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား ဇွန်လ ၁၅ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လမ်းပိတ်ဆို့နေခြင်းဖြစ်ရာ ယနေ့ ဇူလိုင်လ ၉ ရက် နေ့အထိ လမ်းပိတ်ထားရဆဲဟု ဆိုသည်။

“လမ်ပိတ်နေတာ သုံးပတ်ကျော်ပါပြီ။ ကလေးမြို့ကလာရင် ဘုတ်ကန်အထိပဲ လာလို့ရတယ်။ အဲဒီကနေ ပန်းသာကို အိန္ဒိယဖက်အခြမ်းကနေကွင်းပြီး တမူးကိုသွားနေရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လို သည့် ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

လမ်းပိတ်ဆို့နေသည်မှာ ၂၄ ရက်ကျော်လာပြီဖြစ်သည့်အတွက် သယ်ယူပို့ဆောင်ရေးအတွက် အခြားလမ်း ကို အသုံးပြုကာ သွားလာနေကြသည်ဟု ဆိုသည်။
ဘုတ်ကန်မှတဆင့် တမူးမြို့အထိ လူတဦးလျှင် ဆိုင်ကယ် ကယ်ရီခ ကျပ် ၅၀,၀၀၀ ပေးရပြီး စားသုံးဆီ ပုံး ဝါတပုံးလျှင် သယ်ယူခ ကျပ် ၁၀,၀၀၀ ပေးရကြောင်း ဆိုသည်။

ယခုကဲ့သို့ လမ်းများပိတ်ဆို့နေသောကြောင့် တမူးမြို့ဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသော် လည်း ယခုအခါ အိန္ဒိယနိုင်ငံအတွင်းမှကွင်း၍သွားလာနိုင်သည့်အတွက် စားသောက်ကုန်ဈေးများ အနည်း ငယ် ပြန်လည်ကျလာကြောင်း သိရသည်။

ကုန်ပစ္စည်းမဝင်သည့်ချိန်များတွင် အာလူးတပိဿာ ကျပ် ၁၄,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး ယခုအခါ ၈,၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်း အဆိုပါဒေသခံက ဆိုသည်။

တမူး - ကလေးကားလမ်းမပေါ်ရှိ ပန်းသာကျေးရွာ၌ အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်း၏လက်အောက်ခံတပ်ဖွဲ့များကို ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားပြီး မည်သည့်အချိန်တွင် လမ်းပြန်ဖွင့်နိုင်မည်ကိုမူ မသိနိုင်ကြောင်း ဆိုသည်။

“အစကတော့ အချိန်တိုအတွင်းသိမ်းဖို့တိုက်ခဲ့တာပါ။ ဒါပေမဲ့ စစ်ကောင်စီတပ်က အရပ်သားတွေကို ဓားစာခံအဖြစ်ဖမ်းထားပြီး လူသားဒိုင်းလုပ်ထားတဲ့အတွက် သိမ်းဖို့ကြန့်ကြာနေတာ” ဟု တမူးမြို့နယ် အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး က ပြောသည်။

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ ရဲစခန်းနှင့် စာသင်ကျောင်းများတွင် တပ်စွဲထားပြီး ကလေး ၄၀ ခန့်အပါအဝင် အရပ်သား ၂၀၀ ကျော်ကို ၎င်းတို့တပ်စွဲထားသည့် နေရာတွင် ဓားစာခံအဖြစ် ခေါ်ထားသည် ဟုလည်း ဆိုသည်။

ယင်းအပြင် ပန်းသာရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ရှစ်ကြိမ်နှင့် လက်နက် ခဲယမ်းချပေးမှု နှစ်ကြိမ်ပြုလုပ်ထားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

ထိတွေ့တိုက်ပွဲများတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှလည်း ဒဏ်ရာရရှိသူများရှိကြောင်း ဆိုသည်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အရပ်သား ၁၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အရပ်သားများကျန် ရှိနေသေးသောကြောင့် အဝေးပစ်လက်နက်များ အသုံးပြုပစ်ခတ်ရန် အခက်အခဲများ ရှိနေကြောင်း သိရ သည်။
ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တမူးမြို့နယ် မန်မော်ကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတဦး အသက်ဆုံးရှုံးခဲ့ရပြီး ခြောက်ဦးဒဏ်ရာရကာ ၎င်းတို့ အနက် တဦးမှာ ခြေထောက် ခြေကျင်းဝတ်မှ ပြတ်သွားခဲ့ကြောင်း ဆိုသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လိုအပ်သောကုသမှုများ လုပ်ဆောင် ပေးလျက်ရှိကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required