ကျိုက်ထီးရိုးတောင်တက်ကားလမ်းတံတား မိုင်းခွဲဖျက်ဆီးခံရ

By YT (မဇ္ဈိမ)
08 July 2023
ကျိုက်ထီးရိုးတောင်တက်ကားလမ်းတံတား မိုင်းခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်းပေါ်ရှိ တံတားတစ်စင်းအား ဇူလိုင်လ ၆ ရက် ညနေ ၃ နာရီအချိန်တွင် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ 

“ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်မှာ ရှိနေတဲ့တပ်တွေကို လက်နက်ခဲယမ်းတွေ၊ လူ၊ တပ်အင်အားတွေ ပို့ဆောင် ထောက်ပို့လုပ်နေတဲ့လမ်းပါ။ လက်နက်ကြီး၊ လက်နက်ငယ် အကုန်လုံး၊ ခဲယမ်းသယ်ဆောင်တဲ့နေရာမှာ ထောက်ပို့လုပ်နေလို့ ဒီတံတားကို ဖျက်ဆီးရခြင်းဖြစ်ပါတယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။ 

လက်ရှိ မိုးရာသီကာလဖြစ်၍ ဘုရားဖူးပြည်သူများ အသွားအလာမရှိချိန်တွင် ထိုသို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်၊ ရသေ့တောင်၊ ကျီးကန်းပါးစပ်၊ ကျောက်ထပ်ကြီးတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချ စခန်းများပေါ် စစ်ရိက္ခာ၊ အင်အား ပို့ဆောင်ရန် အသုံးပြုနေသည်ဟုဆိုကာ ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ် ( ၁၀ မိနစ် ကားရပ်နားစခန်းအနီး) ရှိ လေးဖာလုံတံတားအား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် အရှည် ၇၀ ပေ၊ အကျယ် ၁၄ ပေ ရှိသော လေးဖာလုံတံတား၏ အလယ်တွင် အပေါက်ဖြစ်သွားခဲ့ပြီး ကားသွားလာရန် အခက်အခဲဖြစ်သွားရကြောင်း သိရသည်။ 

ကျိုက်ထီးရိုးတောင်နှင့် အနီးတစ်ဝိုက်ရှိ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချစခန်းများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။ 

ကျိုက်ထီးရိုးတောင်၏ တောင်စဖွင့်ချိန်သည်  သီတင်းကျွတ်လပြည့်နေ့ဖြစ်ပြီး ကဆုန်လအထိအဖြစ်ပြီး ယခုကာလသည် မိုးတွင်းကာလဖြစ်သဖြင့် ကျိုက်ထီးရိုးတောင်သို့ လာရောက်သော ဘုရားဖူးအရေအတွက်သည် မရှိသလောက် နည်းပါးကြောင်းလည်း ကျိုက်ထီးရိုးတောင်ပေါ်တွင် ဈေးရောင်းသူတစ်ဦးထံက သိရသည်။ 

"ဒီအချိန်က တောင်ပိတ်ချိန်လို့ခေါ်ပါတယ်။ ဘုရားဖူးမရှိဘူးလေ။ ရှိရင်တောင် အနည်းအကျဉ်းပဲ" ဟု ကျိုက်ထီးရိုးတောင်ပေါ်တွင် ဈေးရောင်းသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ဘေး၊ ရသေ့တောင်တွင် အမြောက်များဖြင့် အထိုင်ချထားသော စစ်ကောင်စီတပ်က KNU တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေအတွင်းရှိ ချောင်းစောက်ရွာသစ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ချောင်းစောက်ကျေးရွာအနီးအနားတွင် ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

စာတည်း။       ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required