ဂျပန်နိုင်ငံ၊ အိုဆာကာနှင့် နာဂိုယာမြို့တွင် တော်လှန်အနုပညာရှင်များနှင့်လူရွင်တော်များ၏ အငြိမ့်ဖျော်ဖြေပွဲနှင့် မြန်မာအစားအစာ ဈေးရောင်းပွဲတော်ကို လာမည့်ဇူလိုင် ၉ရက် နံနက် ၁၁နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲအတွက် ဝင်ကြေး ဂျပန်ယန်း ၁,၅၀၀ သတ်မှတ်ထားပြီး ကံစမ်းမဲပြန်လည် မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများကပြောသည်။
ပေါက်မဲများအနေဖြင့် ဟားငါးကောင်လူရွှင်တော်အဖွဲ့ဝင်များနှင့်မင်းသမီးဆောင်းဝတီ၊ အဆိုတော် လင်းလင်း၊ ချစ်သုဝေ၊ မော်ဒယ်သရုပ်ဆောင် မြတ်နိုးအေး၊ အဆိုတော် မူးလားနှင့် အောင်မြင့်မြတ် တို့ လက်မှတ်ရေးထိုးသည့် တီရှပ်များနှင့် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းရေးဆွဲထားသော ဆန္ဒရဲ့အလင်းရောင် ပန်းချီကားလက်မှတ်ပါ တီရှပ်၊ တော်လှန်အနုပညာရှင်များနှင့် တော်လှန်ရေးရဲဘော်များ လက်မှတ်ရေးထိုးထားသည့် ဂစ်တာတို့ပါဝင်မည်ဖြစ်သည်။
အငြိမ့်ပွဲကို Zoom Meeting မှတစ်ဆင့် ကျင်းပသွားမည်ဖြစ်ပြီး ကံစမ်းမဲများကို တော်လှန်အနုပညာရှင်များ ကိုယ်တိုင်မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ တော်လှန်အနုပညာရှင်တွေကတော့ သူတို့အနုပညာနဲ့ရှာဖွေလို့ရတာလေးတွေကို ပြန်လှူဒါန်းချင်တာပါ။ ပြီးတော့ ကျွန်တော်တို့ကလည်း တော်လှန်ရေးမှာ မမေ့သေးဘူး၊ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့က တက်တက်ကြွကြွရှိနေသေးတယ်ဆိုတာကို မြေပြင်ကတော်လှန်နေသူတွေကိုရော၊ တော်လှန်ရေးအနုပညာရှင်တွေကိုပါ ပြချင်တာပါ”ဟု အဆိုပါပွဲ ဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်ရာတွင် ပါဝင်သည့် မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ ဒုတိယ ဥက္ကဋ္ဌဦးကောင်းချစ်သဲကပြောသည်။
ပွဲစီစဉ်ထားမှုနှင့် ပတ်သက်၍လည်း “ အိုဆာကာရဲ့ သမဝါယမအသင်းရဲ့အဆောက်အဦ ခြောက်ထပ်မှာ လေးထပ်နဲ့ ခြောက်ထပ်ကို အသုံးပြုပြီး ခြောက်ထပ်ကို ရုပ်ရှင်ပြမယ်။ လေးထပ်ကို ဈေးရောင်းပွဲလုပ်မယ်ဆိုပြီး စီစဉ်ထားပါတယ်။ နာဂိုယာမှာတော့ မြန်မာစားသောက်ဆိုင်မှာပဲ ပြဖို့ စီစဉ်ထားပါတယ်။ အငြိမ့်ကြည့်ရုံတစ်ခုတည်း မဟုတ်ဘဲ ကိုယ်စားချင်တဲ့အစားအသောက်တွေကို အလွယ်တကူ ဝယ်ယူလို့ ရပါတယ်။ မြန်မာမှာဆိုရင် လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုနဲ့ တူပါတယ်။ ဒါနဲ့ အနီးစပ်ဆုံးတူအောင် ခံစားရအောင်လည်း လုပ်ဆောင်ထားပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါပွဲမှ ရရှိလာသည့် ရန်ပုံငွေများကိုလည်း ကရင်နီဒေသနှင့် အညာဒေသသို့ တိုက်ရိုက်ခွဲဝေ ထောက်ပို့ပေးသွားမည်ဟုလည်း သိရသည်။
စာတည်း - မောင်ကြီး
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”