တောပုရွာကို လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခံရပြီး ၂ဦးသေဆုံး

By ပါခွီး (မဇ္စျိမ)
07 July 2023
တောပုရွာကို လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခံရပြီး ၂ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုကျေးရွာသို့ လက်နက်ခဲယမ်းပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ခြေလျင်စစ်ကြောင်းကို ယမန်နေ့ ဇူလိုင်လ ၆ရက် ညနေ ၄နာရီ ၃၀မိနစ် အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း Brave Heart Army (BHA) တပ်ဖွဲ့ တာဝန်ရှိသူထံက သိရှိရသည်။

“သူတို့လက်နက်ခဲယမ်းသွားပို့တယ်ဆိုတာကို သတင်းအတိအကျရပြီး ပြန်အလာ မိုင်းကွင်းပေါ်ရောက်တဲ့အချိန် ဆွဲလိုက်တာပါ ။ နှစ်ကောင်ပွဲချင်းပြီးသေတာကို တွေ့ရပါတယ်” ဟု BHA တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

တောပုကျေးရွာသို့ လက်နက်ခဲယမ်း ပို့ဆောင်အပြီး မုံရွာမြို့နယ် ၊ မြေနှဲကျေးရွာအနီးရှိ စွမ်းရည်ထက် ဆီဆိုင်ဂိတ်သို့ ပြန်လာသည့် စစ်ကောင်စီတပ်သား ၂၁ ဦးကို ပဒေသာ မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို BHA နှင့်အတူ Special Force 11 (PDF) , Monywa Dynamite , Myaung Revolution Army , Peace Takers Force(PTTF) နှင့် God of Monywa တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၅ရက်နေ့က ဒေသအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဆိုသူများ အများစုနေထိုင်သည့် ‌ကျေးရွာများဖြစ်သော ချောင်းဦးမြို့နယ်အတွင်းရှိ ကံကြီးကုန်း ၊ ကင်းမွန်ထော် ၊ ကုလားကြီးရွာ နှင့် မုံရွာမြို့နယ်အတွင်းရှိ တောပုရွာတို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံများ ထိခိုက်သေဆုံးမှုများရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း အကျအဆုံးများရှိကြောင်း သိရသည်။

ဇူလိုင်လ ၅ရက်နေ့ ညနေ ၅နာရီ ၄၀မိနစ်အချိန်တွင် ကံကြီးကုန်းရွာ (ပျူစောထီးအများစုနေသည့်ကျေးရွာ) တိုက်ပွဲတွင် အရေးနိမ့်၍ ထွက်ပြေးလာသော ရေယာဉ်တစ်စီးကို BHA တပ်ဖွဲ့နှင့် မဟာမိတ် များက ပြောင်းတိုက် ၁၇လုံးဖြင့် နေရာလေးနေရာမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ တစ်ဦးသေဆုံးကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required