အင်းစိန်ထောင်တွင်း၌ "ဆဲဗင်းဇူလိုင်"နေ့ လှုပ်ရှားမှုပြုလုပ်

By မောင်ခက်နွေ (မဇ္ဈိမ) 
07 July 2023
အင်းစိန်ထောင်တွင်း၌ "ဆဲဗင်းဇူလိုင်"နေ့ လှုပ်ရှားမှုပြုလုပ်

ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်  ယနေ့ ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီးပြုလုပ်ခဲ့ကြတယ်လို့ အင်းစိန်ထောင်နဲ့နီးစပ်သည့် အသိုင်းအဝိုင်းဆီက သိရသည်။ 

ဒီမိုကရေစီခရီးတစ်လျှောက်တွင် ကျောင်းသားနှင့် ပြည်သူတွေကိုအောက်မေ့သတိရသည့် အနေဖြင့်တစ်မိနစ် ငြိမ်သက်အလေးပြုခြင်း၊ နွေဦးတော်လှန်ရေး၏ လက်ရှိအခြေအနေနှင့် ဦးဆောင်မှုကဏ္ဍကို သုံးသပ်ခြင်း အပါအဝင် ဆဲဗင်းဇူလိုင်နေ့နှင့်ပတ်သက်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု အင်းစိန်ထောင်နဲ့နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

မဇ္ဈိမ သတင်းဌာနကို ထောင်တွင်းကနိုင်ငံရေးအကျဉ်းသားတွေပေးပို့သည့် စာထဲတွင် ကျောင်းသားတွေရဲ့ ဖက်ဆစ်စစ်အာဏာ ရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် သမဂ္ဂအဆောက်အဦ ဖြိုချခံရတာ ၆၁ နှစ်ပြည့်အနေနဲ့ အခုလိုပြုလုပ် တာဖြစ်တယ်လို့ ဖော်ပြထားသည်။ 

ထိုကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ အင်းစိန်ထောင်တွင်း၏ နောက်ဆက်တွဲ အခြေအနေအား မဇ္ဈိမမှစုံစမ်းနေဆဲဖြစ်သည်။ 

“နောက်ဆက်တွဲက  ထောင်ဝင်စာ ထွက်မှသိရမှာ”ဟု အင်းစိန်ထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် စစ်အာဏာရှင်ဦးနေဝင်းက တိုင်းပြည်အာဏာသိမ်းယူလိုက်ပြီးနောက် တက္ကသိုလ်အက်ဥပဒတွေကိုဖျက်သိမ်းပြီး ကျောင်းသားများကိုဖိနှိပ်သည့် စည်းကမ်းသစ်များ ထုတ်ပြန်ခဲ့သည်။ 

ဦးနေဝင်းအသစ်ပြုပြင်လိုက်သည့် ပညာရေးစနစ်ကိုဖျက်သိမ်းရေးနှင့် မတရားသည့်အဆောင်စည်းကမ်းများရုတ်သိမ်းရေးအတွက် သမဂ္ဂကျောင်းသားများ ဦးဆောင်ပြီး ဇူလိုင် ၇ ရက်နေ့မှာ သမဂ္ဂအဆောက်အဦရှေ့မှစတင်ကာ ကျောင်းဝင်းထဲလှည့်လည်ဆန္ဒပြခဲ့ကြသည်။ 

ထို့နောက် ကျောင်းသားခေါင်းဆောင်တွေ ဖမ်းဆီး ခံလိုက်ရပြီး ကျောင်းသားများကို မောင်းပြန်ရိုင်ဖယ်သေနတ်များဖြင့် တရစပ်ပစ်ခတ်ခဲ့ရာ ကျောင်းသားရာချီ သေဆုံးခဲ့၍ နောက်တစ်နေ့မနက်တွင် တကသအဆောက်အဦကို ဗုံးခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly