တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့ကို CDF ဖမ်းဝရမ်းထုတ်

By ပါခွီး (မဇ္စျိမ)
06 July 2023
တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့ကို CDF ဖမ်းဝရမ်းထုတ်

ချင်းပြည်နယ် ၊တွန်းဇံမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့ကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) CDF – Ton Zang က ဇူလိုင်လ ၅ ရက် နေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သမ္မတ ဒူဝါလရှီးလ ၏ အမိန့်ထုတ်ပြန်ချက်ဖြစ်သော ကျောင်းများဖွင့်လှစ်ခြင်းနှင့် ရုံးတက်ခြင်းမပြုလုပ်ရန် တားမြစ်ထုတ်ပြန်ချက်ကို လိုက်နာခြင်းရှိ မရှိ ဆက်လက်လုပ်ဆောင်နေကြကြောင်း ဆိုသည်။

ထို့အပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း ပြင်းထန်သောစကားများဖြင့် အသုံးပြုပြောဆိုလာသဖြင့် ယခုကဲ့သို့ ဖမ်းဝရမ်း ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“သူတို့ရဲ့လုပ်ကိုင်ဆောင်ရွက်နေပုံနဲ့ ပြောဆိုတာတွေကို သတင်းအတိအကျရထားပါတယ်။ ကျနော်တို့အနေနဲ့ ဖမ်းဆီးပြီး တပ်ဖွဲ့ရဲ့လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်” ဟု CDF – Ton Zang ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန် က မဇ္စျိမကို ပြောသည်။

၎င်းတို့နှစ်ဦး ကျူးလွန်မှုများကို စစ်ဆေးပြီး ထွက်ဆိုချက်များအရ ထိုက်သင့်သော အပြစ်ဒဏ်များပေးသွားမည်ဖြစ်ကြောင်းဆိုသည်။

တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့ နှစ်ဦးသည် ချင်းလူမျိုးများဖြစ်ပြီး တွန်းဇံမြို့နယ်၏ တိုးတက်မှုကို တာဝန်ယူသူများအဖြစ် ရှုမြင်ထားပြီး အရေးယူခြင်းကို ရှောင်ရှားခဲ့ကြောင်းဆိုသည်။

သို့သော် ချင်းကာကွယ်ရေးတပ်ဖွဲ့အပေါ် ပြင်းထန်သော စကားလုံးများဖြင့် စိန်ခေါ်လာယုံမျှမက နွေဦးတော်လှန်ရေး သိက္ခာကျဆင်းစေရန်ပြုမူဆောင်ရွက်သဖြင့် အရေးယူရန်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ၎င်းတို့စိုးမိုးနယ်မြေဖြစ်သော တွန်းဇံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရုံးများ ၊ ကျောင်းများဖွင့်လှစ်ခြင်းမပြုရန် အကြိမ်ကြိမ် အမိန့်ထုတ်ပြန်တားမြစ်ပြီးဖြစ်ကြောင်း ဆိုသည်။

ဇွန်လ ၂၀ရက်နေ့ကလည်း တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို CDF – Ton Zang က စစ်ကောင်စီယန္တရား လည်ပတ်မှုနှင့် ကျောင်းတွင်းတပ်စွဲနေမှုကို ဗုံးဖောက်ခွဲ သတိပေးခဲ့ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required