နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြင်ဆင်မှု နှစ်မှုကို ပယ်ချရန် စစ်ကောင်စီလက်အောက်ခံ ဥပဒေရေးရာဝန်ကြီးဌာနဘက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ယနေ့ ဇူလိုင်လ ၅ ရက်နေ့က လျှောက်လဲချက်ပေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲအမိန့်ချထားသည့် ရွေးကောက်ပွဲကိစ္စ ပုဒ်မ ၁၃၀ (က) အမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေပုဒ်မ ၃(၁)(ဂ) အမှုတို့အပေါ် ယနေ့ နှစ်ဖက်လျှောက်လဲချက် ကြားနာခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမှုနှစ်မှုနှင့် ပတ်သက်ပြီး တရားမစွဲသင့်ဘဲ စွဲဆိုထားသည့်အတွက် လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဘက်ကလည်း လျှောက်လဲချက်ပေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“စွဲဆိုတဲ့ ပြစ်မှုလည်း မကျူးလွန်ပါဘူး၊ အပြစ်မရှိပါဘူးဆိုပြီးတော့ လွှတ်ပေးပါလို့ပြောတာပေါ့”ဟု ဆိုသည်။
ထိုလျှောက်လဲချက်များအပေါ် အမိန့်ချမှတ်မှုမှာ ပုံမှန်အားဖြင့် တစ်လကျော်ကြာမြင့်တတ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ယခု ကြားနာခဲ့သည့် ပုဒ်မ ၁၃၀(က)အမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတ ဦးဝင်းမြင့်၊ NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့လည်းပူးတွဲပါဝင်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် တစ်ဦးလျှင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံထားရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩဇာလွှမ်းမိုးသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီ လက်အောက်ခံရွေးကောက်ပွဲကော်မရှင် ညွှန်မှူး ဦးအောင်မျိုးလွင်က တရားလိုအဖြစ် တရားစွဲခဲ့ခြင်းဖြစ်သည်။
နောက်ထပ် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံရသည့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေပုဒ်မ ၃(၁)(ဂ) အမှုမှာမူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်၊ NLD အစိုးရလက်ထက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ ပူးတွဲစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
ပုဒ်မ ၃(၁)(ဂ) အမှုတွဲ၌ ပါဝင်သူများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလွဲပြီး ကျန်သူများမှာ လွတ်ရက်စေ့၊ လွတ်ငြိမ်းတို့ဖြင့် ပြန်လည်လွတ်မြောက်ထားပြီးဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရပြီး နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
စာတည်း - သန့်ဇော်(သန်လျင်)