နွားထိုးကြီးတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

By 007 (မဇ္ဈိမ)
05 July 2023
နွားထိုးကြီးတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဋ္ဌနှင့် ကျေးရွာစု အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က (ဇူလိုင် ၄ ရက်) မနက်ပိုင်းမှာ မြို့ကသူ့အစ်ကိုဆီ သွားတယ်။ အချိန်တန်ပြန်မလာလို့ လိုက်ရှာ ကြတော့မှ မလှိုင်ကားလမ်းဘေးသေနေတဲ့ အလောင်းတွေ့တာပဲ” ဟု  ဒေသခံတဦးကပြောသည်။

၎င်းသည် ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် နွားထိုးကြီးမြို့နေ အစ်ကိုဖြစ်သူထံ သွားရောက်လည် ပတ်ကြောင်း၊ အချိန်တန်သည်အထိ ပြန်ရောက်မလာ၍ လိုက်ရှာရာမှ အောင်သာကျေးရွာအနီး နွားထိုး ကြီး-မလှိုင်သွားကားလမ်းဘေးတွင် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဟုသိရသည်။

သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ဦးမောင်ဌေး၏ ဦးခေါင်းတွင် နောက်စေ့ဖောက်၀င် ဒဏ်ရာတချက်၊  ယာနား ထင်ဖောက်၀င်ဒဏ်ရာတချက်တို့ဖြင့် သေဆုံးနေကြောင်း နီးစပ်သူတဦးက ပြောသည်။

၎င်းသည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ် ပြီး ကြံ့ခိုင်ရေးပါတီရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်း က အတည်ပြုသည်။

မြင်းခြံခရိုင်တွင် ဇူလိုင်လ ၃ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် သားဖြစ်သူတို့  သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly