ကာကွယ်ရေးပူးပေါင်းအဖွဲ့ဖမ်းမိထားသည့် ရဲတပ်ကြပ် သေနတ်လုထွက်ပြေး၍ ပစ်ခတ်ခံရပြီး သေဆုံး

ကာကွယ်ရေးပူးပေါင်းအဖွဲ့ဖမ်းမိထားသည့် ရဲတပ်ကြပ် သေနတ်လုထွက်ပြေး၍ ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူ - ကလိန်အောင် လမ်းပိုင်းတစ်နေရာတွင် ခရီးသည်တင်ကားနှင့် လိုက်ပါလာသည့် ရဲတပ်ကြပ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဖမ်းမိထားစဉ် သေနတ်လု၍ထွက်ပြေး ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားသည်ဟု သိရသည်။

“သူ့ကို ဖမ်းမိထားချိန် တာဝန်အရ စစ်ဆေးဖို့ ပြုလုပ်နေချိန်မှာ သေနတ်လုပြီး ထွက်ပြေးလို့ ကျည်ထိမှန် သေဆုံးသွားတာ ဖြစ်တယ်”ဟု ကာကွယ်ရေးပူးပေါင်းအဖွဲ့တစ်ခုဖြစ်သည့် ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ဆေးမှုပြုလုပ်နေသည့် လမ်းပိုင်းတွင် ဇူလိုင်လ ၂ ရက် နေ့လယ် ၂ နာရီ အချိန်ခန့်က ရဲတပ်ကြပ်ကြီး ဦးဇော်မင်းဦး ဆိုသူသည် ခရီးသည်တင်ကားဖြင့် စီးနင်းလိုက်ပါလာစဉ် ဖမ်းဆီးမိခြင်းဖြစ်သည်ဟု ၎င်းက‌ ပြောသည်။

အသက် ၄၀ နှစ်ခန့်ရှိ ရဲတပ်ကြပ်ကြီး ဦးဇော်မင်းဦးသည်၊ ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ်မှ ဖြစ်ပြီး အခုနှစ် ဇန်နဝါရီလတွင် ရေဖြူရဲစခန်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေသူ တစ်ဦး ဖြစ်သည်ဟု သိရသည်။

“ရေဖြူ ရဲစခန်းကို ပြောင်းလာတာ သိပ်မကြာသေးဘူးလို့ ပြောတယ်။ သူက အခုနှစ် ဇန်နဝါရီလကမှ ရောက်လာတယ်။ အခုဆို သူရောက်လာတာ ခြောက်လလောက်ပဲ ရှိသေးတယ်”ဟု မဟာမိတ်ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 

ထားဝယ်-ရန်ကုန် ကားလမ်းမပေါ်က နယ်မြေ စိုးမိုးနိုင်ရန် စစ်ဆေးမှုများကို ကံပေါက် ကာကွယ်ရေးတပ်ဖွဲ့ (KBDF)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (T1)၊ ဝေဟင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ဇင်ယော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၊ ရေဖြူအလယ်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရ သည်။

အဆိုပါ စစ်ဆေးမှုကို ဇူလိုင်လ ၂ ရက် မှ စတင်ကာ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly