လူထုထောက်ခံမှုအမြင့်ဆုံးရထားသည့် တော်လှန်ရေးကို စိတ်ပျက်အောင် အစိုးရအဖွဲ့ဝင်များ မလုပ်ကြရန် NUG ယာယီသမ္မတ သတိပေး

လူထုထောက်ခံမှုအမြင့်ဆုံးရထားသည့် တော်လှန်ရေးကို စိတ်ပျက်အောင် အစိုးရအဖွဲ့ဝင်များ မလုပ်ကြရန် NUG ယာယီသမ္မတ သတိပေး

လူထုထောက်ခံမှုအမြင့်ဆုံးရထားသည့် တော်လှန်ရေးကို စိတ်ပျက်အောင် အစိုးရအဖွဲ့ဝင်များ မလုပ်ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ အစည်းအဝေးတွင် သတိပေးသည်။

" နွေဦးတော်လှန်ရေးဟာ အချိန်တိုအတွင်းမှာ ရှုပ်ထွေး ကျပ်တည်းတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းနေရသလိုလည်း တွေ့နေမြင်  နေရပါတယ်။ ဒါပေမယ့် လောလောဆယ်အားဖြင့် နွေဦးတော်လှန်ရေးအပေါ်မှာ လူထုရဲ့ ယုံကြည် ထောက်ခံမှု အမြင့်ဆုံး အခြေအနေကို ကျွန်တော်တို့ ရထားပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုစိတ်ပျက်အောင် မလုပ်သင့်သလို၊ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြည်သူက ကိုးစားလာအောင် တင်ပြဖို့ တာဝန်ရှိ နေပါတယ်။ ဒါ့အပြင် လက်ရှိ အရှိပကတိနဲ့ မကင်းကွာတဲ့ ပြည်သူ မျှော်လင့်ချက်ကို ဖြစ်ထွန်းစေဖို့ လိုအပ်ပါတယ်" ဟု ယာယီသမ္မတ က ပြောသည်။

Public Relations ဟုခေါ်သည့် ပြည်သူ့ဆက်ဆံရေး အလုပ်ဆိုသည်မှာ အင်မတန်သိမ်မွေ့သည့်အလုပ်ဖြစ် ကြောင်း၊ ပြည်သူရဲ့ သဘောထားဆန္ဒများကို အမြဲမပြတ် အကဲခတ်  စောင့်ကြည့်ရသည့်အလုပ်ဖြစ် ကြောင်း ၎င်းက ပြောသည်။

" ပြည်သူ့ဆက်ဆံရေးအလုပ်တာဝန်တွေမှာ တတ်နိုင်သမျှ အမှားအယွင်း မဖြစ်အောင် သတိနဲ့ လုပ်ဆောင်စရာတွေ အမြောက်အမြား ရှိနေပါလိမ့်မယ်။ ဒါ့အပြင် လူထုရဲ့ မျှော်လင့် ချက်ကို တွန်းတင်ဖို့တာဝန်ရှိပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ဝါဒမှိုင်း ဖြန့်ကျက်မှုတွေကို တန်ပြန်တုံ့ပြန်နိုင်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အမြင်သဘောထားဟာ နွေဦးတော်လှန်ရေးအပေါ်မှာ အပြုသဘောဆောင်တဲ့ အမြင်တွေ ဖြစ်ထွန်းအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" ဟု ယာယီသမ္မတက ပြောသည်။

အစိုးရအဖွဲ့ဝင်များအနေဖြင့် လူထု၏ မျှော်လင့်ချက်များကို ကာယကံ မြောက် ဖြည့်ဆည်းပေးနိုင်ရန် လုံ့လစိုက်ထုတ်ကြရန် ယာယီသမ္မတက တိုက်တွန်းသည်။

" စမတ်ကျသော ပြည်သူ့ဆက်ဆံရေး ကျင့်ထုံးတွေနဲ့ / လူထုနဲ့ အစိုးရအကြားက ယုံကြည်မှုကို တိုးသထက် တိုးအောင် လုပ်ဆောင်ပေးဖို့ ကျွန်တော့် အနေနဲ့ အထူး မေတ္တာရပ်ခံ ချင်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ လုပ်ဆောင်မှုများကို အထူးဂုဏ်ယူဝမ်း မြောက် ကြောင်း ယာယီသမ္မတက ပြောသည်။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly