ကျိုက်မရောတွင် စစ်ကောင်စီပစ်မှတ် ၂နေရာ တိုက်ခိုက်ခံရပြီး  ရဲ ၅ဉီးသေဆုံးဟုဆို၊စစ်ကောင်စီ၏ တန်ပြန်ပစ်ခတ်မှုကြောင့် ဗိုလ်မှူး (ငြိမ်း)၏ သားသေဆုံး

By YT  ( မဇ္ဈိမ)
04 July 2023
ကျိုက်မရောတွင် စစ်ကောင်စီပစ်မှတ် ၂နေရာ တိုက်ခိုက်ခံရပြီး  ရဲ ၅ဉီးသေဆုံးဟုဆို၊စစ်ကောင်စီ၏ တန်ပြန်ပစ်ခတ်မှုကြောင့် ဗိုလ်မှူး (ငြိမ်း)၏ သားသေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရဲငါးဦးသေဆုံးစေသည့် တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီက  ပတ်ဝန်းကျင်အား ပစ်ခတ်ရာ အငြိမ်းစားဗိုလ်မှူးတစ်ဦး၏ သားဖြစ်သူ သေနတ်ကျည်ထိမှန်သေဆုံးသွားကြောင်း Saw Dragon Drone Forceက သတင်းထုတ်ပြန်သည်။

ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာရဲစခန်းနှင့် ချောင်းနှစ်ခွတံတားအနီးရှိ စစ်ကောင်စီဂိတ်စခန်းကို Saw Dragon Drone Forceနှင့် Lion Battalion Commando - ဗျူဟာစစ်ကြောင်း၊ တပ်ခွဲ- ၄ ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၂ရက် နေ့လည်တွင် ဒရုန်းဖြင့် ဗုံးသုံးလုံးချ၍ တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

ထိုတိုက်ခိုက်မှုတွင် ရဲငါးဦး သေဆုံးခဲ့ပြီး ချောင်းနှစ်ခွတံတားပေါ်မှ စစ်ကောင်စီတပ်ဖွဲ့က စနိုက်ပါဖြင့်ပစ်ခတ်သောကြောင့် အငြိမ်းစားဗိုလ်မှူးတစ်ဦး​၏ သားဖြစ်သူ စနိုက်ပါကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း Saw Dragon Drone Force က သတင်းထုတ်ပြန်သည်။

" စနိုက်ပါနဲ့ ပစ်တာကတော့ တံတားပေါ်က စစ်ကောင်စီတပ်ကပဲပစ်တာပါ။ ဗိုလ်မှူးသားဆိုတာကတော့ ကျွန်တော်တို့ မြေပြင်ကလူတွေဆီကို အဲ့နေ့ကတည်းကသတင်းရောက်လာတာဗျ" ဟု Saw Dragon Drone Force တာဝန်ရှိသူတစ်ဦးက
မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့၊ ရပ်ကွက်(၂)မှ အငြိမ်းစားဗိုလ်မှူးဌေးအောင်၏ သား ကိုငြိမ်းချမ်းအောင်သည် ရင်ဘတ်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

" ငြိမ်းချမ်းအောင်က ဆိုင်ကယ်နဲ့လာတာ။ စစ်တပ်က ရမ်းသမ်းပစ်တာ။ အချက်ပေါင်းမနည်းဘူး။ သူ့(ငြိမ်းချမ်းအောင်)ကို ထိသွားတာ" ဟု ကျိုက်မရောမြို့ခံတစ်ဦးကပြောသည်။

ကိုငြိမ်းချမ်းအောင်၏ နာရေးကို ကျိုက်မရောမြို့တွင် ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းသည် ခြောက်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်းချောင်းနှစ်ခွကျေးရွာရဲစခန်းအား ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)တပ်ရင်း (၆)၊Alpha Bats Fixed Wings Drone တပ်ဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင်လည်း  ရဲလေးဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရသေးပေ။

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required