မြန်မာစစ်တပ်နှင့် ပတ်သက်သည်ဆိုသော နောက်ထပ် စင်ကာပူအခြေစိုက် ကုမ္ပဏီ ၉၁ ခုကို ဖော်ထုတ်

မြန်မာစစ်တပ်နှင့် ပတ်သက်သည်ဆိုသော နောက်ထပ် စင်ကာပူအခြေစိုက် ကုမ္ပဏီ ၉၁ ခုကို ဖော်ထုတ်

မြန်မာစစ်တပ်ဆီ ထောက်ပံ့မှုများ ပေးပို့ရာ၌ ပါဝင်ပတ်သက်နေသည် ဆိုသော စင်ကာပူအခြေစိုက် ကုမ္ပဏီ နောက်ထပ် ၉၁ ခုကို ဖော်ထုတ်တွေ့ရှိရာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ၄၁ ခု ရှိသည်ဆိုသော ကနဦးစာရင်းထက် ထပ်တိုးလာခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်ကာ စင်ကာပူ လွှတ်တော်အမတ်များဖြစ်သော ဗီခရမ် နာယာနှင့် ဒန်နစ် တန်တို့ မေးခွန်းထုတ်မှုကို အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် အထွေထွေ ကုန်သွယ်မှု တားဆီးပိတ်ပင်မိန့် ချမှတ်ထားခြင်း မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှနန်က ရှင်းလင်းပြောဆိုသည်။

“ကုမ္ပဏီတွေရဲ့ လွှဲပြောင်းပေးပို့မှုတွေဟာ မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်တာနဲ့ ဆက်စပ်နေသလားဆိုတာကို ကျိန်းသေသိရဖို့ ပို့ကုန်လွှဲပြောင်းမှု မှတ်တမ်းမှတ်ရာတွေလို အသေးစိတ်တွေကို တောင်းခံထားတယ်၊ ဒါမှပဲ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ပိုပြီး စေ့စေ့စပ်စပ်ဖြစ်နိုင်မယ်၊ သက်သေအပေါ် အခြေခံပြီး ထိထိရောက်ရောက် ဖြစ်လိမ့်မယ်”ဟု ၎င်းက ပြောသည်။

“စင်ကာပူ အစိုးရ၏ မူဝါဒတွင် မြန်မာနှင့် တရားဝင် ကုန်သွယ်ရေးကို ပိတ်ဆို့ရန် ရည်ရွယ်ချက် မရှိကြောင်း” ဘလာခရစ်ရှနန်က ပြောပြီး နှစ်နိုင်ငံကြားက ၂၀၂၂ အပြန်အလှန် ကုန်သွယ်မှု စုစုပေါင်းသည် စင်ကာပူဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ) ရှိခဲ့ကြောင်း မှတ်ချက်ချ ပြောဆိုသည်။

“ကုန်သွယ်မှု ပိတ်ပင်တာ လုပ်ခဲ့တယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာ နောက်ကြောင်းပြန်သွားမှာ ဖြစ်ပြီး မြန်မာအရပ်သားပြည်သူတွေ ပိုပြီး အတိဒုက္ခ ဖြစ်စေလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အင်ဒရူး၏ အစီရင်ခံစာ၌ စွဲဆိုထားမှုများသည် စင်ကာပူအခြေစိုက် ကုမ္ပဏီများ၏ နှစ်နှစ်အတွင်း ကုန်စည်ပစ္စည်းများ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၅၄ သန်း ရှိနိုင်သည်ဟု ရည်ညွှန်းဆိုထားသည်။ ထိုပြင် စင်ကာပူဘဏ်များကို လက်နက်ပွဲစားများက “ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်” ဟု ယင်း အစီရင်ခံစာ၌ ဆိုထားသည်။

မေလအတွင်းက အဆိုပါ စွဲဆိုမှုများနှင့် ပတ်သက်ကာ မြန်မာဆီ လက်နက်စီးဝင်မှု တားဆီးရေးအတွက် စင်ကာပူက ဆောင်ရွက်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုထားခြင်း ဖြစ်သည်။

စင်ကာပူသည် မြန်မာစစ်တပ်က လက်နက်မဲ့ အရပ်သားများအပေါ် သေလောက်သော အင်အားသုံးမှုကို ဆန့်ကျင်ကာ ရပ်တည်ကြောင်း ဝန်ကြီးဌာန၏ ပြောခွင့်ရသူတစ်ဦးက ဆိုခဲ့သည်။

စင်ကာပူသည် လက်နက်မဲ့ အရပ်သားများအပေါ် အကြမ်းဖက်ရာ၌ အသုံးပြုနိုင်သည့် ဘေးအန္တရာယ်ရှိနေသော မြန်မာနိုင်ငံဆီ စစ်ဘက်သုံးအတွက် ဖြစ်သွားနိုင်သော နှစ်မျိုးသုံး ပစ္စည်းများ ပေးပို့မှုကို အခွင့်အာဏာ မပေးထားကြောင်း ဝန်ကြီးဌာနက ပြောသည်။

ထို စွဲဆိုချက်များကို အစိုးရက စုံစမ်းစစ်ဆေးနေသလားဟု လွှတ်တော်အမတ် နာယာက မေးသည်။ ထိုပြင် မြန်မာစစ်တပ်ဆီ ထောက်ပံ့မှု၌ ပါဝင်ပတ်သက်သော ကုမ္ပဏီစာရင်းကို အသစ် ထပ်တိုးသလားနှင့် မည်သည့် အရေးယူမှုများ လုပ်ဆောင်ထားသနည်းဆိုပြီးလည်း ၎င်းက မေးမြန်းသည်။

မြန်မာတွင် စစ်ဘက်သုံးနိုင်သည့် ပစ္စည်းများ ပေးပို့မှုတွင် စင်ကာပူအခြေစိုက် ကုမ္ပဏီ မည်မျှရှိသနည်း၊ ယင်းသို့သော ကုမ္ပဏီများကို အရေးယူသလားနှင့် အရေးယူသည့် ကုမ္ပဏီ မည်မျှရှိသနည်းတို့ကို လွှတ်တော်အမတ် တန်က မေးမြန်းသည်။

ငွေရေးကြေးရေး အလွှဲအပြောင်းတွင် စင်ကာပူအခြေစိုက် ဘဏ် မည်မျှအထိ ပါဝင်နေသနည်းနှင့် အရေးယူ ထားသလားနှင့် ထိုသို့သော ဘဏ်များကို အရေးယူမည်လားဆိုခြင်းအားလည်း ၎င်းက မေးမြန်းခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly