ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းဗုံးကြဲခံရ၍ ကလေးငယ် ၁ ဦးအပါဝင် ၃ ဦး ဒဏ်ရာရ

By ဂျူချန်း (မဇ္ဈိမ)
04 July 2023
ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းဗုံးကြဲခံရ၍ ကလေးငယ် ၁ ဦးအပါဝင် ၃ ဦး ဒဏ်ရာရ
Photo - ဒီးမော့ဆိုအနောက်ခြမ်း၊ ဇူလိုင်လ ၄ ရက်နေ့ နံနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီ တပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၄ ရက် နံနက်အစောပိုင်းက  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တဦးအပါအဝင် မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

ထိခိုက်သူများမှာ စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသူများဖြစ်ပြီး အသက် နှစ်နှစ်နှင့် ၁၀ လ အရွယ်ကလေး ငယ်တဦး၊ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတဦးနှင့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီနေရာက လူတွေအများကြီးရှိတယ်။ ထောင်နဲ့ချီရှိတာဗျ။ ကံကောင်းတာကတော့ မိသားစုတစုပဲ ထိ သွားတယ်။ ဒဏ်ရာက ပြင်းတော့ပြင်းတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရတော့ဘူး။ ကျနော်တို့ ဆေးခန်းမှာဆေးကုပေးထားပါတယ်။ ဗုံးခိုကျင်းတွေတူးထားပေမယ့် လေယာဉ်ကမြန်တော့ ပြေးဆင်းလို့ မမီတာလည်း ရှိတယ်” ဟု ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ဂျက်လေယာဉ်ဖြင့် ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၂ နာရီကျော်ခန့်တွင် နှစ်ကြိမ်၊ နံနက် ၄ နာရီခန့်တွင်တကြိမ်၊ စုစုပေါင်း သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းအတွင်းရှိ စာသင်ကျောင်း၊ တဲအချို့နှင့် ကျေးရွာတွင်းမှ နေအိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ကရင်နီပြည် ဘော်လခဲ၊ ရွာသစ်နှင့် မယ်စဲ့ဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒီးမော့ဆို မြို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အဲဒီနားက တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း လှမ်းတယ်။ ပြီးတော့ ဒီးမော့ဆိုမှာ တိုက်ပွဲမဖြစ်တာ တော်တော် ကြာနေပြီ။ ဖားဆောင်း၊ မယ်စဲ့ဘက်မှာဖြစ်နေတော့ ဟိုဘက်ကို အင်အားဖြည့်ထားတာထင်တယ်။ အခု သူတို့ (စစ်ကောင်စီ)က ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေရှိတဲ့နေရာကို ဗုံးကြဲတာ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၌ စစ်ဘေးရှောင် စုစုပေါင်း ၁၀၀,၀၀၀ ဝန်းကျင်ရှိပြီး ယခု ဗုံးကြဲခံရသည့်နေရာတွင် ကျေးရွာနေပြည်သူနှင့် စစ်ဘေးတိမ်းရှောင်လာသူ ၁,၀၀၀ ကျော်ရှိကြောင်း သိရ သည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required