ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေးသတိပြုရန် NUG သတိပေး

By ရောင်နီ (မဇ္စျိမ)
03 July 2023
ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေးသတိပြုရန် NUG သတိပေး
၂၀၂၂ ခုနှစ် မိုးရာသီက မော်လမြိုင်မြို့‌ပေါ်ရေကြီးရေလျှံမှု မြင်ကွင်း (ပုံဟောင်း)

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက်အားကောင်းနေခြင်းကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေး သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။ 

ယနေ့ ဇူလိုင်လ ၃ရက်မှ ဇူလိုင်လ ၉ရက်အထိ မိုးလေဝသအခြေအနေကို MOHADMကထုတ်ပြန်ထားပြီး မိုးတွင်းကာလ ရေကြီး၊ရေလျှံမှုဘေးကို သတိပေးထားခြင်းဖြစ်သည်။

အဆိုပါ ကာလအတွင်း " ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီး၊မိုးများ လာနိုင်ပြီး မြို့ပြနှင့်မြစ်ချောင်းများ ရေကြီးရေလျှံ နိုင်ခြေ ရှိပါကြောင်း အသိပေးအပ်ပါသည်" ဟု MOHADMကထုတ်ပြန်ထားသည်။

ကမ်းရိုးတန်းဒေသများတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့ပါဝင်ပြီး မြောက်ပိုင်းဒေသများတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများပါဝင်သည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လာမည့်နှစ်ရက်အတွင်း  မိုးပိုလာနိုင်သည်ဟု ယနေ့  ထုတ်ပြန်ထားသည်။

ယခုလ ဇူလိုင်လသည် မိုးလယ်ကာလဖြစ်ပြီး  မြန်မာနိုင်ငံ‌တွင်  ပထမရေကြီးကာလအဖြစ်လည်း  သတ်မှတ်ထားသည်။ ဇူလိုင်လအတွင်း ဒေသအများစု မိုးကောင်းလေ့ရှိကာ မြစ်ရေလျှံခြင်း၊ တောင်ကုန်း‌ဒေသများ၌ မြေပြိုခြင်း၊ ရေလွှမ်းမိုးသည့် ဧရိယာများပြားခြင်းတို့ကြောင့် ပထမရေကြီးကာလအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required