ဆဒုံးဒေသအတွင်း ရက်သတ္တပတ်ကြာမြင့်သည်အထိ တိုက်ပွဲပြင်းထန်လျက်ရှိ

By အဂမ် (မဇ္ဈိမ)
03 July 2023
ဆဒုံးဒေသအတွင်း ရက်သတ္တပတ်ကြာမြင့်သည်အထိ တိုက်ပွဲပြင်းထန်လျက်ရှိ

ကချင်ပြည်နယ်၊ ဆဒုံးဒေသတွင် ရက်သတ္တပတ်ကြာမြင့်သည်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ် ပွားနေပြီး စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့် နေ့စဥ်နီးပါးလာရောက်တိုက်ခိုက်နေ၍ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ဆိုသည်။

ဇွန်လ ၂၅ ရက် နံနက် ၉ နာရီခန့်မှစတင်ကာ ကေအိုင်အေတပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) ထိန်းချုပ်ရာရှေ့တန်းဂိတ်သို့ စစ်ကောင်စီလက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲရေးခြေမြန်တပ်ဖွဲ့ဝင်များက အလုံးအရင်းနှင့် စစ်ကြောင်းလှုပ်ရှားရာမှ တိုက်ပွဲဖြစ်ခဲ့ခြင်းဟုဆိုသည်။

စစ်ကောင်စီတပ်က ဇွန်လ ၂၆ ရက်နေ့မှစတင်ပြီး ရက်သတ္တပတ်ကြာမြင့်သည်အထိ တိုက်ခိုက်ရေး ဂျက်လေယာဥ် များသုံးစွဲကာ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်နေခြင်းဟုသိရသည်။

လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်ပြီး ရက်ဆက်ဖြစ်ပွားနေသောကြောင့် တိုက်ပွဲဖြစ်ရာအနီးရှိ အင်ဝမ့်ကောင်မူလွန်ကျောင်းကို ယာယီပိတ်ထားရကြောင်းလည်း သိရသည်။

“ကချင်ပြည်နယ်မှာ စစ်ရှောင်တွေကို နေရပ်ပြန်လည်နေရာချထားမှု အတည်တကျ အခြေချနိုင်ခြင်း မရှိ သေးချိန်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် တဖန်ပြန်စစ်ရှောင်ရခြင်းနှင့် စစ်ပွဲကြောင့် စစ်ရှောင်တွေ ပိုမို များပြားလာမှုမဖြစ်စေဖို့ နိုင်ငံရေးနဲ့ စစ်ရေးနည်းဗျူဟာများအရ အင်အားသုံးပစ်ခတ်ဖို့ မလိုအပ်သေး တာကြောင့် အောက်ခြေတပ်ရင်းများရဲ့ ရှေတန်းကင်းစခန်းများနဲ့သာ ထိန်းထားသေးတဲ့ အခြေအနေ ဖြစ် ပါတယ်” ဟု KIO/KIA နှင့်နီးစပ်သည့် ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင်လည်း လီဆူဌာနေပြည်သူ့စစ်အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ လေ ကြောင်းပစ်ကူဖြင့် စစ်ရေးလှုပ်ရှားနေကြောင်း ဆိုသည်။

KIA တပ်ရင်း(၃)သည် KIO ဌာနချုပ်၊ လိုင်ဇာ၏ဝင်ပေါက်ကိုကာကွယ်နေသည့် တပ်မဟာဌာနချုပ် အောက်မှတပ်ရင်းတရင်းဖြစ်သောကြောင့် လိုအပ်သည့်လူအင်အားနှင့် စစ်လက်နက်ပစ္စည်းများကို အမြန် ဆုံးဖြည့်တင်းကာ လိုအပ်သလို ရွှေ့ပြောင်းစစ်ရေးလှုပ်ရှားနိုင်သည့် တပ်ရင်းဖြစ်ကာ ယင်းတပ်ရင်းနှင့် ထိတွေ့မှုဖြစ်သည့် တိုက်ပွဲများက ပြင်းထန်ကာ ကြာရှည်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly