အင်းတော်တွင် စစ်ကောင်စီစစ်ကြောင်းက Non CDM ကျောင်းအုပ်ကြီး အပါအဝင် ၄ဦးကို အထုပ်များထမ်းရန် ခေါ်သွား

By ကိုခင်မောင် (မဇ္ဈိမ)
01 July 2023
အင်းတော်တွင် စစ်ကောင်စီစစ်ကြောင်းက Non CDM ကျောင်းအုပ်ကြီး အပါအဝင် ၄ဦးကို အထုပ်များထမ်းရန် ခေါ်သွား

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် Non CDM ကျောင်းအုပ်ကြီး အပါအဝင် ဒေသခံ လေးဦးကို စစ်ကောင်စီစစ်ကြောင်းက အထုပ်များထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Indaw Revolution – IR ထံက သိရသည်။

ယနေ့ ဇူလိုင်လ ၁ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်မြို့နယ် နဘားရွာမှ အင်းတော်မြို့ဘက်သို့ စစ်ကြောင်းခေါက်လာသော အင်အား ၂၀၀ခန့်ပါ စစ်စီတပ်စစ်ကြောင်းက အခြေခံပညာအထက်တန်းကျောင်း( ခွဲ) နဘားတွင် တာဝန်ထမ်းဆောင်လျက်ရှိသော Non CDM ကျောင်းအုပ်ကြီးနှင့် နားရခေါင်ရွာသား သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု IR Team မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

“နဘားကျောင်းအုပ်ကြီးက  CDM မလုပ်တဲ့ ကျောင်းအုပ်ကြီးဖြစ်တယ်လို့ စစ်ကောင်စီတပ်တွေကို  ပြောသေးတယ်။ စကစတွေက  ကျောင်းအုပ်ကြီးလည်းနားမလည်ဘူး CDMလုပ်လုပ်၊ မလုပ်လုပ် အထုပ်ထမ်းလိုက်ခဲ့ဆိုပြီး  ဖမ်းခေါ်သွားတာပါ။ သူနဲ့အတူ လယ်လုပ်နေတဲ့ နားရခေါင်ရွာသားသုံးယောက်လည်း ပါသွားသေးတယ်” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် အင်းတော်မြို့သို့ရောက်ရှိသွားသည့်  ထိုစစ်ကောင်စီတပ်သည် နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့သည် စက်ကုန်းဘုန်းကြီးကျောင်းတွင် တပ်စွဲကာ ကျန်အင်အား၇၀ခန့်ပါ တစ်ဖွဲ့သည်  နန့်သာရွာဘက်သို့ ဦးတည်ထွက်ခွာနေကြောင်း သိရသည်။

“ကျောင်းအုပ်ကြီးက ပညာရေးမှူးရုံးက အာမခံလို့လွတ်ခဲ့ပြီ။ ဒီနေ့ သုံးနာရီလောက်ကလွတ်တာပါ။ အဲ့လယ်သမား သုံးယောက်က မလွတ်သေးဘူး” ဟု Indaw Revolution – IRမှ တာဝန်ရှိက ဆက်လက်ပြောပြသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော်လည်း လိုအပ်လာရင်  အထုပ်ထမ်းခိုင်းရုံသာမက လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နိုင်သဖြင့် မိဘပြည်သူများအနေဖြင့် အသွားအလာ သတိထားနေထိုင်ကြရန် Indaw Revolution – IR က အသိပေးတိုက်တွန်းထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#Non CDM ကျောင်းအုပ်ကြီး
#အင်းတော်မြို့နယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly