ဖျူထိုင်းပါတီက ထိုင်းဝန်ကြီးချုပ်နေရာကို ရယူဖွယ် ရှိ

By Bangkok Post
01 July 2023
ဖျူထိုင်းပါတီက ထိုင်းဝန်ကြီးချုပ်နေရာကို ရယူဖွယ် ရှိ

ထိုင်းရွေးကောက်ပွဲ၌ အနိုင်ရသော ရှေ့သို့ချီပါတီ၏ ခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ်က ဝန်ကြီးချုပ်ဖြစ်ရန် လွှတ်တော်အမတ်များ၏ လုံလောက်သည့် ‌ထောက်ခံမှု မရရှိပါက ရှေ့သို့ချီပါတီအနေဖြင့် ဘေးဖယ်နေပြီး အစိုးရသစ်ဖွဲ့ရေးတွင် ဖျူထိုင်းပါတီက ဦးဆောင်မှုကို ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း ဖျူထိုင်းပါတီမှ သတင်းရင်းမြစ်များအရ သိရသည်။

အပြန်အလှန်အနေဖြင့် ဖျူထိုင်းပါတီကလည်း ရှေ့သို့ချီပါတီမှ အောက်လွှတ်တော် ဥက္ကဋ္ဌနေရာ ယူခြင်းကို ခွင့်ပြုပေးလိမ့်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ အောက်လွှတ်တော်သည် ဥက္ကဋ္ဌသစ်နှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦး ရွေးချယ်ရန် အင်္ဂါနေ့တွင် စည်းဝေးမည် ဖြစ်သည်။

အင်္ဂါနေ့ ညနေပိုင်းက ဖျူထိုင်းပါတီ၏ ရုံးချုပ်တွင် ပါတီနှစ်ရပ်မှ အဓိကပုဂ္ဂိုလ်များကြား အထက်ပါအတိုင်း သဘောတူညီမှု ရရှိခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံမှု၌ ဖျူထိုင်းပါတီမှ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း ပတ်တွန်တန် ရှင်နာဝါထရာနှင့် ဆရတ်သာ သာဗီဆင်နှင့် ရှေ့သို့ချီပါတီ၏ ဒုတိယအကြီးအကဲ သီရိကန်ယာ တန်ဆာကွန်တို့ ပါဝင်သည်။

သဘောတူညီချက်အရ ဖျူထိုင်းပါတီသည် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ရှေ့သို့ချီပါတီနှင့် ယှဉ်ပြိုင်လိမ့်မည်မဟုတ်ဘဲ ယင်းအစား ဒုတိယဥက္ကဋ္ဌ နှစ်ဦး နေရာကို ရယူလိမ့်မည်ဟု သတင်းရင်းမြစ်က ဘန်ကောက်ပို့စ်သို့ ပြောသည်။

ဖျူထိုင်းပါတီအနေဖြင့် ဖိထာ၏ ဝန်ကြီးချုပ်နေရာအတွက် အရွေးခံမှုကို ထောက်ပံ့သွားမည်ဖြစ်သော်လည်း လွှတ်တော်အမတ်များထံမှ လုံလောက်သော ထောက်ခံမှု မရခဲ့ပါက ၎င်းအနေဖြင့် ဘေးဖယ်ကာ ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းမှုတွင် ဖျူထိုင်းပါတီကို ခွင့်ပြုပေးရမည် ဖြစ်သည်။

သို့ရာတွင် ပါတီနှစ်ရပ်က ဆက်လက်စုစည်းနေမည်ဖြစ်ပြီး ရှေ့သို့ချီပါတီသည် ညွန့်ပေါင်းအဖွဲ့မှ ထွက်ခြင်းလည်း မရှိကာ အတိုက်အခံပါတီဖြစ်လာမည်ဟု သတင်းရင်းမြစ်များက ပြောသည်။

လွှတ်တော်အမတ် ၁၅၁ နေရာ ရထားသော ရှေ့သို့ချီပါတီ မပါဝင်ပါက ဖျူထိုင်းပါတီအနေဖြင့် မဟာမိတ်ညွန့်ပေါင်း ဖွဲ့နိုင်ရေး ကြိုးစားရမည်ဖြစ်ကာ ယင်းအချိန်တွင် ရှေ့သို့ချီပါတီအား ထောက်ခံသူများ ဦးဆောင်သည့် ဆန့်ကျင်မှုများ ဖြစ်ပွားနိုင်ပြီး အစိုးရသစ်အတွက် အခက်အခဲများ ဖြစ်စေမည်ဟု သတင်းရင်းမြစ်များက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.bangkokpost.com/thailand/politics/2602875/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly