မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ်များအား သတ်မှတ်ရက်အတွင်း အပြီးဖယ်ရှားရန် စစ်ကောင်စီက အကြောင်းကြားစာထုတ်သဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
"တစ်နေ့က နန်းဦးလွင်နဲ့ ကန်ကောက်(ရွာ)ထဲ စာလိုက်ကပ်တယ်။ နောက်ရက်မှာ ဂွေ့ကြီးကုန်း(ရွာ)၊ ဒီမနက်တော့ မဲကင်းကုန်း(ရွာ)နဲ့ တဲကုန်း(ရွာ)ဘက် စာကပ်ခံရပြန်တယ်လို့ ကြားတယ်။ သတ်မှတ်ရက်အတွင်း ဖယ်ပေးခိုင်းထားတယ်။ အခု အဲဒီဘက်ကလူတွေအကုန်လုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေကြတယ်။ အိမ်ကြီးအိမ်ကောင်းတွေ အများကြီးပဲ ဖယ်ခိုင်းခံထားရတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။
ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်နှင့် ကန်ကောက်ကျေးရွာရှိ နေအိမ်အဆောက်အအုံများအား ဇူလိုင်လ ၆ ရက် နောက်ဆုံးထားပြီး ဖယ်ရှားရှင်းလင်းရန် စစ်ကောင်စီ၏ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဇွန်လ ၂၇ ရက်တွင် အကြောင်းကြားစာကပ် အသိပေးသည်ဟု သိရသည်။
ထို့နောက် ယင်းအဖွဲ့က ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဂွေ့ကြီးကုန်း တဲကုန်းနှင့် မဲကင်းကုန်း စသည့်ကျေးရွာများအား အကြောင်းကြားစာများ ပေးပို့ခြင်း၊ လမ်းမီးတိုင်နှင့် အဆောက်အအုံနံရံများတွင် စာကပ်ခြင်း၊ အဆောက်အအုံမျက်နှာစာတွင် အနီရောင်အမှတ်အသား ရေးဆွဲခြင်းများ ပြုလုပ်ခဲ့သည်။
လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားခြင်းကြောင့် လယ်ယာမြေဥပဒေပုဒ်မ ၁၉(ခ)အရ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။
"ဒါတွေက နှစ်နဲ့ချီပြီး ကြာနေပြီ၊ အကွက်ရိုက်ရောင်းနေချိန်မှာလည်း သူတို့သိတယ်။ အိမ်ဆောက်တဲ့အခါ လူမသိသူမသိဆောက်လို့မရဘူး။ အဲဒီအချိန်တုန်းက မြေစာရင်းတို့ စည်ပင်တို့ ဘာလုပ်နေလဲ။ မသိဘူးလို့တော့ မပြောနဲ့။ နောက်ပြီးတော့ ရပ်ကွက်လူကြီးတွေ၊ အခု အိမ်တွေဖျက်ရမယ်ဆိုတော့ အဲဒီဌာနတွေမှာလည်းတာ၀န်မကင်းဘူး။ အိမ်တန်ဖိုးအတိုင်း ပြန်လျော် ထိုက်သင့်တဲ့အပြစ်ပေးမှ နောက်လူ မလုပ်ရဲတော့မှာ"ဟု မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် အိမ်ယာမြေ ပိုင်ဆိုင်ထားကြသူများက ဌာနအဆင့်ဆင့်သို့ အသနားခံစာ တင်နေကြကြောင်းလည်း သိရသည်။
စစ်ကောင်စီအမိန့်ဖြင့် ဖယ်ရှားခိုင်းထားသော အဆိုပါ မြေနေရာများသည် ပေ ၄၀ ပေ ၆၀ မြေတစ်ကွက်လျှင် တန်ဖိုးကျပ် သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းအထိရှိပြီး ဆောက်လုပ်ပြီး သုံးထပ်တိုက်တစ်လုံး၏ ကာလပေါက်ဈေးသည် ကျပ်သိန်းတစ်သောင်းနှင့်အထက် ဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး