ကောလင်းတွင် စစ်ကောင်စီတပ်က ဖုန်းဆိုင်၊ စားသောက်ဆိုင်များကို CCTV တပ်ဆင်ရန်ပြော

By ကိုခင်မောင် (မဇ္စျိမ)
30 June 2023
ကောလင်းတွင် စစ်ကောင်စီတပ်က ဖုန်းဆိုင်၊ စားသောက်ဆိုင်များကို CCTV တပ်ဆင်ရန်ပြော

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် ယနေ့ ဇွန်လ ၃၀ရက်က ဖုန်းဆိုင်နှင့် စားသောက်ဆိုင်များ၌ CCTVများ  တပ်ဆင်ရန်   ဆိုင်ရှင်များကို စစ်ကောင်စီတပ်များနှင့် ရဲများက  လိုက်လံပြောဆိုနေကြောင်း Kawlin Revolution-KR တာဝန်ရှိသူထံက  သိရသည်။ 

ယနေ့ နံနက် ၉နာရီ ၄၅မိနစ်အချိန်ခန့်တွင်  CCTV များကို  လမ်းမဘက်သို့ မျက်နှာမူတပ်ဆင်ရန် အမိန့်ပေးခိုင်းစေခြင်းဖြစ်ပြီး မတပ်လျှင် ဆိုင်ရှင်ကိုဖမ်းမည်ဟု ခြိမ်းခြောက်သွားကြောင်း အမည်မဖော်လိုသူ ဆိုင်ပိုင်တစ်ဦးက ပြောသည်။

“ဆိုင်တိုင်းကိုလာရောက်ပြောသွားတာဗျ။ CCTV ကိုမဖြစ်မနေတပ်ဆင်ဖို့  အမိန့်နဲ့ခိုင်းတာပါဗျ။ ပြီးတော့ လမ်းမတွေဘက်ကိုလှည့်ပီးတပ်ဖို့ အမိန့်ပေးတာပါ။ 
မတပ်ရင်အရေးယူမယ်လို့လည်း ပြောပါတယ်” ဟု ၎င်းက မဇ္စျိမသို့ ပြောသည်။

ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊တပ်ရင်း (၁)  The Secret Warrior Kawlin တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မည်သို့ပင်ဖြစ်စေ စစ်ကောင်စီအား ဆက်လက်တွန်းလှန်မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန် တိုက်တွန်းသည်။ 

“CCTV တပ်ဖို့က ပြောလာတာက မြို့တွင်းပြောက်ကျားသမားတွေကို ထိန်းနိုင်အောင်ကြိုးစားတာလို့မြင်ပါတယ်။ စစ်သားတွေနဲ့ ရဲတွေလာပြောတယ်လို့သိရပါတယ်။ ပြည်သူတွေဂရုစိုက်ပြီးနေကြဖို့ပဲပြောချင်ပါတယ်ဗျ”  ဟု Kawlin Revolution-KR အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်ကကောလင်းမြို့ KBZ ဘဏ်(၂)အနီး၌ ကင်းချိန်းပြီး ပြန်လာသည့်   စစ်ကောင်စီ တပ်သားများကို  The  Secret Warrior Kawlin ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန် ဒဏ်ရာရရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly