လုပ်ခတိုးတောင်းသည့် အထည်ချုပ်စက်ရုံ အလုပ်သမားများကို နိုင်ငံရေးပုဒ်မများဖြင့် စစ်ကောင်စီ အရေးယူ

By မဇ္ဈိမ 
30 June 2023
လုပ်ခတိုးတောင်းသည့် အထည်ချုပ်စက်ရုံ အလုပ်သမားများကို နိုင်ငံရေးပုဒ်မများဖြင့် စစ်ကောင်စီ အရေးယူ

လုပ်ခတိုးတောင်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး  သီတင်းနှစ်ပတ်ကြာ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားပိုင် ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံ အလုပ်သမားများအ‌ရေး ဆောင်ရွက်ပေးသူနဲ့ ကူညီသူ ၁၀ ဦးကို စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်တယ်လို့သိရပါတယ်။

အဆိုပါ စက်ရုံဟာ ရန်ကုန်၊ ‌ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာ တည်ရှိပြီး ဇွန်လ ၁၀ ရက်က အလုပ်သမား အခွင့်ရေးတောင်းဆိုခဲ့တဲ့  စက်ရုံအလုပ်သမား သမဂ္ဂခေါင်းဆောင် (၇)ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ‌နယ်မြေဟာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာဖြစ်ပြီး ဖမ်းဆီးထားသူများကို ဇူလိုင် (၇)ရက်နေ့မှာ ရွှေပြည်သာမြို့နယ်တရားရုံးရှိ စစ်ခုံရုံးမှာ ရုံးထုတ် သွားမယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက ရာဇသတ်ကြီး ဥပ‌ဒေပုဒ်မ ၅၀၅ - ကနဲ့  ပုဒ်မ ၁၇ (၁)တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားတာဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများကပြောပါတယ်။

ဖမ်းဆီးထားတဲ့ အလုပ်သမားများနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် စစ်ကောင်စီက ထုတ်ပြန်ရာမှာ ဆန္ဒပြဆူပူမှုများဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်သူများကို ဖမ်းမိကြောင်း၊ အလုပ်သမားအရေး ကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်း Action Labor Rights မှ ခေါင်းဆောင်ပိုင်းများကိုလည်း ဆက်လက်ဖမ်းဆီးမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

စစ်ကောင်စီဟာ ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးအရေးယူရာမှာ ပုဒ်မ ၅၀၅ ကို အများဆုံးအသုံးပြုလေ့ရှိကာ ဒီပုဒ်မအရ ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly