ထန်တလန်မြို့ကို စစ်ကောင်စီ၏ လေတပ်က ဗုံးကြဲတိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
30 June 2023
ထန်တလန်မြို့ကို စစ်ကောင်စီ၏ လေတပ်က ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ် ၊ ထန်တလန်မြို့ကို စစ်ကောင်စီ၏ လေတပ်က ဇွန်လ ၂၈ရက် နေ့လယ် ၁၂နာရီ အချိန်ခန့်တွင် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံက သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ထန်တလန်ဆေးရုံးအနီးရှိ လူနေအိမ်နှစ်လုံး မီးလောင်ခဲ့ပြီး ချင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရသည်။

“ထန်တလန်မြို့ဖက်မှာ တိုက်ပွဲမရှိပါဘူး ၊ အကြောင်းမဲ့သက်သက် ကြဲတာပါ၊ စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်တွေ သိပ်လုပ်နိုင်မယ့် အခြေအနေမရှိတော့ဘူး၊ ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ပိုသုံးမယ့်အလားအလာ ရှိနေတယ်” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကို ပြောသည်။

ထန်တလန်မြို့အတွင်း တိုက်ပွဲများမရှိသော်လည်း ဟာခါးမြို့အတွင်းတွင် ချင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိနေကြောင်းနှင့် စစ်ကောင်စီထောက်ပို့လေယာဉ်များ နေ့စဉ်ဆင်းသက်နေကြောင်း ဆိုသည်။

ယင်းသို့ ထောက်ပို့လေယာဉ်များဖြင့် အင်အားဖြည့်တင်းမှုသည် မိုးတွင်းစစ်ဆင်ရေးအတွက် ဖြစ်နိုင်သော်လည်း ရာသီဥတုအခြေအနေနှင့် တစ်ပြည်လုံးတွင် စစ်မျက်နှာ အများအပြား ဖွင့်နေရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့၏ မြေပြင်အင်အားချိနဲ့လာပြီး ထိုးစစ်ဆင်မှု လုပ်နိုင်မည်မထင်ကြောင်း ဆလိုင်းထက်နီက သုံးသပ်ပြောဆိုသည်။

ဟားခါးမြို့နယ်မှ ထန်တလန်မြို့ဘက်သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ပါ စစ်ကြောင်းနှစ်ကြောင်းသည်လည်း သီးမစ်လွင်ပြင်ကို မကျော်လွန်နိုင်ဘဲ တိုက်ပွဲများရပ်တန့်နေကာ ယခုအချိန်တွင် ခံစစ်အတွက် အထိုင်စခန်းသဘောမျိုး ပြင်ဆင်နေကြောင်း သိရသည်။

ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ကြိမ်ဖန်များစွာ မီးတင်ရှို့ခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းများ အပါအဝင် လူနေအိမ် ၁,၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ ယခုအချိန် မြို့အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းတပ်ဖွဲ့များသာ တပ်စွဲနေထိုင်လျက်ရှိပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထန်တလန်မြို့တွင် အိမ်ခြေ ၂,၀၀၀ ဝန်းကျင်နှင့် လူဦးရေ ၁၀,၀၀၀ကျော် နေထိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများမှာ နီးစပ်ရာကျေးရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံမှ သိရှိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required