ဘီးလင်းမြို့နယ် ကျုံအိတ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရ၊ လူ ၁ ဦးသေ

By YT  (မဇ္ဈိမ)
29 June 2023
ဘီးလင်းမြို့နယ် ကျုံအိတ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရ၊ လူ ၁ ဦးသေ

စစ်ကောင်စီတပ်ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်ရန် ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးပေါ်ရှိ ဘီးလင်းမြိုံနယ်အတွင်းက တံတားကြီးတစ်စင်းကို မိုင်းခွဲဖျက်ဆီးလိိုက်ကြောင်း ဒေသတွင်းရှိတော်လှန်ရေးအင်အားစုများကပြောသည်။

မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုရှိ ကျုံအိတ်တံတားကို ယနေ့ ဇွန်လ ၂၉ ရက်နေ့၊ နံနက် ၄ နာရီ ဝန်းကျင်အချိန်တွင် မိုင်းခွဲရာ တံတား၏ သုံးပုံနှစ်ပုံခန့် ပြိုကျပျက်စီးသွားသည်။

"မနက် ၄ နာရီလောက်က ဖြစ်တယ်ပြောတယ်ဗျ။ PTT ဆီဆိုင်နား မရောက်ခင်က တံတားပေါ့။ ...လူတစ်ယောက်သေသွားတယ်လို့တော့ ကြားတယ်။ ကားမောင်းလာတဲ့သူပေါ့" ဟု ဘီးလင်းမြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အကျယ်ပေ ၄၀ ရှိတံတား မိုင်းပေါက်ကွဲမှုဖြစ်စဉ် ဖြတ်သန်းသွားလာနေသည့် အိမ်စီးကားသုံးစီး ထိခိုက်ပျက်စီးခဲ့ရပြီး အောက်ပြုတ်ကျသွားသော ကားတစ်စီးပေါ်ရှိ အမျိုးသားတစ်ဦး သေဆုံးသည်။ အခြားသော ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသော်လည်း အသေးစိတ်မသိရပါ။

တံတားကျိူးသွားပြီးနောက် ယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့သော်လည်း နံနက် ၆ နာရီဝန်းကျင်တွင်  တံတား၏ ကျန်ရစ်နေသော ကားတစ်စီးစာသွားနိုင်သည့် အစိတ်အပိုင်းပေါ်မှ အိမ်စီးကားများနှင့် ခရီးသည်တင်ယာဉ်များ အနေဖြင့် ကုန်ပစ္စည်း၊ လူ မတင်ဘဲ အလှည့်ကျ ဖြတ်သန်းသွားလာနေကြကြောင်း သိရသည်။

"လောလောာဆယ် အိမ်စီးကားနဲ့ ခရီးသယ်တင်ကားတွေ အတင်အချလုပ်ပြီး ပေးတော့ဖြတ်တယ်ကြားတယ်၊ ဒါပေမဲ့ စိတ်မချရတဲ့အနေထားရှိတယ်" ဟု ဘီးလင်းမြို့နယ်တွင်း လှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကို တားဆီးရန် KNLA တပ်မဟာ (၁) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။ 

" အဓိကက စစ်ကောင်စီထောက်ပို့လမ်းကြောင်းပေါ့၊ ဒီဘက် တော်လှန်ရေးဘက်က သွားလုပ်ခဲ့တာပါ။ စစ်ရေးအရှိန်မြင့်တော့မှာလေ၊  ပြည်သူတွေကိုလည်း သတိပေးစာထုတ်ထားတာပဲ၊ ခက်ခဲလည်း ကြည့်ပြီးသွားကြရမှာပေါ့၊ လူထုတွေ ပါဝင်ပူးပေါင်းဖို့အများကြီး လိုအပ်တယ်" ဟု ၎င်းက ဆိုသည်။ 

မိုင်းခွဲဖျက်ဆီးခံရသော ကျုံအိတ်တံတားသည် အရှေ့တောင်တိုင်းစစ်ဌာနချူပ် (မော်လမြိုင်)၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် (မြိတ်) တို့အား ရိက္ခာ၊ စစ်အင်အား ဖြည့်တင်းရာတွင် မဖြစ်မနေ အသုံးပြုရသည့် ရန်ကုန်- မော်လမြိုင်၊ ရန်ကုန်- ဘားအံ ကားလမ်းမပေါ်တွင် တည်ရှိသည်။

ကျုံအိတ်တံတားကို ဗိုလ်ပလေးတံတား၊ ရွှေရောင်ပြတံတားဟုလည်း ဒေသခံများကခေါ်ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ကလည်း တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့များက စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းအတွက် အရေးပါသည့် စစ်တောင်းတံတား (နတ်သံကွင်း) အား မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly