မုံရွာမှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ရေယာဉ်များ ကြားဖြတ်တိုက်ခိုက်ခံရ

By ရွှေနွယ် (မဇ္ဈိမ)
28 June 2023
မုံရွာမှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ရေယာဉ်များ ကြားဖြတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ မန္တလေးဘက်သို့ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ရေယာဉ် (ဖလပ်ခွံ့မော်တော်) သုံးစီးအား ဇွန်လ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ချင်းတွင်းမြစ်ကြောင်းတစ်နေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့မှ ဗိုလ်သူရိန်က မဇ္ဈိမသို့ပြောသည်။

အဆိုပါ ရေယာဉ် သုံးစီးသည် မုံရွာမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

" တိုက်ခိုက်ခဲ့တဲ့နေရာအတိအကျတော့ ပြောလို့မရဘူး။ သူတို့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပြန်ပစ်တော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ တိုက်ပွဲအပြီးမှာ မန္တလေးဘက်ကို ဆက်ထွက်သွားပါတယ်" ဟု Hero Fighter (Salingyi) တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်သူရိန်က ပြောသည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်၏ ရေယာဉ်စစ်ကြောင်းသည် ရေယာဉ် (ဖလပ်ခွံ့မော်တော်) တစ်စင်းလျှင် အင်အား ၃၀ ခန့်ပါလာသည်ဟု ၎င်းကဆက်လက်ဆိုသည်။

တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်ပေါ်မှ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်သော်လည်း ထိခိုက် သေဆုံးမှုအတိအကျကို စုံစမ်းဆဲဖြစ်သည်ဟု ဆိုသည်။

ယနေ့ ဇွန်လ ၂၈ ရက်၊ ညနေ ၄ နာရီအချိန်ထိသတင်းပေးပို့ချက်အရ အဆိုပါစစ်ကောင်စီတပ်၏ ရေယာဉ်ယာဉ်စစ်ကြောင်းသည် သုံးပန်လှသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရေယာဉ်

#စစ်ကြောင်း

#ချင်တွင်းမြစ်

#ဆားလင်းကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly