ပုလဲမြို့နယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ ဦးရှိလာပြီး ကြံ့ခိုင်ရေးပါတီထောက်ခံသူများလည်းပါဟုဆို

By ရောင်နီ (မဇ္ဈိမ)
28 June 2023
ပုလဲမြို့နယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ ဦးရှိလာပြီး ကြံ့ခိုင်ရေးပါတီထောက်ခံသူများလည်းပါဟုဆို
ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ယနေ့ဇွန်လ၂၈ရက် ညနေအထိ သေဆုံးသူ ၁၀ ဦးရှိပြီဟု ဒေသတွင်း သတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။

ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကို ယမန်နေ့ ဇွန်လ ၂၇ရက်၊ ညနေ ၃နာရီခွဲခန့် တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲချတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှုအပြီးတွင် သံဃာတော်တစ်ပါးအပါအဝင် ရှစ်ဦး‌‌ သေဆုံးပြီး နာရီအနည်းငယ်အကြာတွင် ဒဏ်ရာပြင်းထန်သူ နှစ်ဦး ထပ်မံသေဆုံးသွားသည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က မဇ္စျိမကို ပြောသည်။

" သေဆုံးသူ ၁၀ဦးရှိပြီး တစ်ဦးကတော့ အခြေအနေဆိုးနေလို့ ကုသနေရဆဲပါ။ သေဆုံးသူတွေကို မနေ့က ညတွင်းချင်းပဲ သင်္ဂြိုလ်ခဲ့ရပါတယ်" ဟု ဦးဇော်ထက်က ပြောသည်။

ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးမှာ ချင်ပြစ်ရွာမှဖြစ်သည်။ သေဆုံးသူများတွင် အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးပါဝင်ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီး သုံးဦး၊ အမျိုးသားခုနှစ်ဦး( သံဃာတော်တစ်ပါးပါဝင်) သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသူ ဆယ်ဦးထက်မနည်း ဆေး၀ါးကုသမှုခံယူနေရသည်ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊ပုလဲမြို့နယ်အခြေစိုက် ပုလဲတပ်ရင်း(၁)သတင်းမှန်ပြန်ကြားရေး တာ၀န်ခံကိုဇွဲ ကပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ညောင်ကုန်းကျေးရွာမှ ဘုန်းကြီးကျောင်းအဆောက်အဦတစ်ခု ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၁၄ လုံး မီးလောင်ခဲ့သည်ဟု သိရသည်။ ပျက်စီးခဲ့သည့် နေအိမ်များထဲတွင် ကြံခိုင်ရေးပါတီကို ထောက်ခံအားပေးသည့် နေအိမ်နှစ်လုံးလည်း ပါ၀င်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ပြည်ခိုင်ဖြိုးဘက်ကနေ တက်ကြွပါ၀င်လှုပ်ရှားပေးတဲ့ နေအိမ်နှစ်အိမ်လည်း ပစ်ခတ်ခံရတဲ့ အထဲပါသွားတယ်။ တစ်အိမ်မှာ မိသားစုလိုက် ဆုံးတယ်။ လေးယောက်တောင်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိသားစုလေးဦးသေဆုံးခဲ့သည့် အိမ်သည် ကြံ့ခိုင်ရေးပါတီထောက်ခံသူများဖြစ်ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သမ္မတဟောင်း‌ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ ပုလဲမြို့နယ်မဲဆန္ဒနယ်မြေမှ ရွေးကောက်ပွဲဝင်ပြိုင်စဉ် စည်းရုံးရေးဆင်းပေးခဲ့ဖူးသည်ဟု ဒေသခံအချို့ကပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ကြံခိုင်ရေးပါတီကိုယ်စားပြုဝင်ပြိုင်သည့် ဦးကျော်ဆန်း၏ တပည့်အတွက် စည်းရုံးရေးဆင်းပေးခဲ့သည်ဟု ဆိုသည်။ ဦးကျော်ဆန်းရော ၎င်း၏တပည့်ပါ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်၍ သေဆုံးသူများတွင် ကြံ့ခိုင်ရေးပါတီထောက်ခံသူများပါဝင်သွားသည်ဆိုသည်ကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သည့် ညောင်ကုန်းကျေးရွာမှ ဒေသခံ ငါးဦးက ပြောသည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရ‌သေးပေ။

စစ်ကောင်စီတပ်သည် မြေပြင်တွင် တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ်များကို လာရောက်ဗုံးကြဲခြင်းဟု ဦးဇော်ထက်က ပြောသည်။

ယနေ့ ဇွန်လ ၂၈ ရက်တွင်လည်း ပုလဲနှင့်ယင်းမာပင်မြို့နယ်များ ပေါ်တွင် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ သုံးစင်းထက်မနည်းပျံ၀ဲခဲ့သည်ဟု သိရသည်။

“ ပုလဲနဲ့ ယင်းမာပင်မြို့နယ် နှစ်မြို့နယ်လုံးကို ပတ်၀ဲနေတာ။ ရွာတွေပေါ်ကို ကပ်ပြီး ၀ဲတာတွေရှိတယ်။ တချို့နေရာတွေကို ပတ်လည် အကြာကြီးကြည့်သွားတယ်။ ၁၀ နာရီလောက်က တစ်ကြိမ်၊ ၁၂နာရီ လောက်က တစ်ကြိမ်ပါ။ ပစ်တာတော့ မရှိဘူး” ဟု ပုလဲမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော Jungle Hunter Revolution Force တပ်ဖွဲ့မှ ကိုစစ်ရန်နိုင်က ပြောသည်။

စစ်ကောင်စီတပ်၏ လေယာဥ်ပျံ၀ဲမှုများ ရှိနေသည့်အတွက် ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ရှိ ဒေသခံများသည် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခံရမည်ကိုစိုးရိမ်ထိန့်လန့်နေကြသည်။

စာတည်း - မောင်ကြီး

#mizzima

#ပုလဲမြို့နယ်

#ညောင်ကုန်းကျေးရွာ

#ချင်ပြစ်ကျေးရွာ

#စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly