မုံရွာ ကညနရုံး တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးဟု CAF ပြော

By ပါခွီး (မဇ္စျိမ)
27 June 2023
မုံရွာ ကညနရုံး တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးဟု CAF ပြော

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ တောင်ဘက်အထွက်ရှိ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော် (Chindwin Attack Force) က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့် တပ်စွဲထားသော အဆိုပါ ရုံးကို ဇွန်လ ၂၄ ရက် ညနေ ၆ နာရီအချိန်တွင် မိနစ် ၃၀ ကြာ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ သတင်းရတာ ရှစ်ယောက်လောက်ပဲ ရှိတယ်လို့သိရတာ၊ တကယ် တိုက်မှ ၂၀ လောက်ဖြစ်နေတာ၊ မျက်မြင်အရ ပွဲချင်းပြီး သေတာတွေရောဆို နှစ်ယောက်လောက်ပဲရှင်မယ်၊  ၁၅ ယောက် သေတယ်ဆိုတာတော့ အတည်ပြုလို့ရတယ်၊ သေတာ အဲဒီထက်ပိုနိုင်တယ်” ဟု Chindwin Attack Force ပြန်ကြားရေး တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုအတွင်း ကညန ရုံးကို သိမ်းပိုက်လုနီး ဖြစ်နေချိန်တွင် ရေဦးဆန်ဆိုင် ဂိတ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်များ စစ်ကူရောက် လာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။

ဒေသကာကွယ်ရေး တပ်ဖွဲ့က ပြောဆိုသော စစ်ကောင်စီတပ်သားများ သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

ယနေ့ ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်သော နှစ်မိနစ်ခွဲကြာ တိုက်ပွဲမှတ်တမ်းဖိုင်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ကညနရုံးကို ပိတ်ဆို့ပြီး ဝိုင်းဝန်း တိုက်ခိုက်နေကြသည်ကို တွေ့မြင်ရသည်။

အဆိုပါ တိုက်ပွဲကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) တပ်ရင်း(၄) အထူးကွန်မန်ဒို (Monywa The Boys) နှင့် မုံရွာခရိုင် တပ်ရင်း(၅) ၊ မုံရွာခရိုင်တပ်ရင်း (၇) ၊ မုံရွာခရိုင်တပ်ရင်း(၁၂) ၊ မုံရွာခရိုင်တပ်ရင်း (၂၂) ၊ မုံရွာခရိုင်တပ်ရင်း(၂၅) ၊ မုံရွာခရိုင်တပ်ရင်း (၂၈) ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) နှင့် မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်များသည် ကားကြီးကွင်းအနောက်ဘက် အုတ်စက်တောင်ဘက်ရှိ ပြည်သူ့တဲအိမ်နှစ်လုံးနှင့် ကွမ်းခြံတို့ကို မီးရှိုဖျက်ဆီးခဲ့ ကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ကလည်း အဆိုပါ ကညန ရုံးကို  ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု (DLC) က ဒရုန်းဖြင့် ဗုံးသုံးလုံးချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly