KIO ရုံး စီးနင်းခံရပြီးနောက် ဆိုင်းတောင်တွင် အမျိုးသား ၁ ဦးကို စစ်တပ်ဖမ်းဆီး

By အဂမ် (မဇ္ဈိမ)
27 June 2023
KIO ရုံး စီးနင်းခံရပြီးနောက် ဆိုင်းတောင်တွင် အမျိုးသား ၁ ဦးကို စစ်တပ်ဖမ်းဆီး
Photo - ဝင်ရောက်စီးနင်းခံရသည့် KIO တိုက်နယ်ရုံး မီးရှို့ဖျက်ဆီးခံထားရပုံ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတဦးကို ကချင်လွတ် လပ်ရေးတပ်မတော်(KIA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း‌ ဒေသခံ သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသည့် အမျိုးသားသည် ကျောက်အရောင်း အဝယ်လုပ်ကိုင်နေသူဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဆိုင်းတောင်ကျေးရွာရှိ KIO အုပ်ချုပ်ရေးတိုက်နယ်ရုံး ဝင်ရောက်စီးနင်းခံရမှုနှင့် ဆက်စပ်ပြီး စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကဆိုသည်။
ဆိုင်းတောင်ကျေးရွာ၊ ဘုရားကုန်းရပ်ကွက်တွင်နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဦးချစ်ကိုဆိုသူကို စစ်ကောင်စီတပ်က ဇွန်လ ၂၅ ရက်နေ့ ည ၅ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင် တွေ့ရှိခဲ့သည့် သတင်းရင်းမြစ်က ပြောသည်။

“ကလေး ကျူရှင်သွားကြိုမယ်ဆိုပြီး ထွက်လာတဲ့ချိန်မှာဖမ်းသွားတာ၊ လမ်းမပေါ်မှာကို ဖမ်းခံလိုက်ရတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့်အမျိုးသားအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေး သကဲ့သို့ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က အသေးစိတ်စုံစမ်းနေဆဲဖြစ်သည်။

ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက် (၃) ရှိ KIO တိုက်နယ်ရုံးကို စစ်ကောင်စီက ဇွန်လ ၂၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် တိုက်နယ်ရုံးအတွင်း  ဖမ်းဆီးထားသည့် အကျဉ်းသား ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းအနက် ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ သုံးဦး သေဆုံးခဲ့သည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly