အင်ဒိုနီးရှားက မြန်မာကို လူသားချင်းစာနာမှု အကူအညီ ပေးပို့

အင်ဒိုနီးရှားက မြန်မာကို လူသားချင်းစာနာမှု အကူအညီ ပေးပို့

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ပြီးခဲ့သည့် မေလက မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအတွက် အင်ဒိုနီးရှားအစိုးရက ဇွန်လ ၂၆ ရက်တွင် လူသားချင်းစာနာမှု အကူအညီများ ပေးပို့ခဲ့သည်။

ဇွန်လ ၂၆ ရက်က ဘန်တန်းပြည်နယ် တန်ဂါရန်းမြို့ Soekarno Hatta လေဆိပ်၌ အင်ဒိုနီးရှား ယဉ်ကျေးမှုနှင့် လူသားဖွံ့ဖြိုးရေးဆိုင်ရာ ညှိနှိုင်းချိတ်ဆက်ရေး ဝန်ကြီး မူဟာဒ်ဂျီ အီဖန်ဒီနှင့် အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီ (BNPB) အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ဆူဟာယန်တိုတို့က လူသားချင်းစာနာမှုအကူအညီကို တိုက်ရိုက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့များလည်း အတူရှိခဲ့သည်။

“မြန်မာဘက်ကနေ အင်ဒိုနီးရှားဆီ ပေးပို့တဲ့ အကူအညီ တောင်းခံတဲ့ တရားဝင်စာကို တုံ့ပြန်တဲ့အနေနဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ ဒိုဒိုရဲ့ လမ်းညွှန်ချက်အပေါ် အခြေတည်ပြီး ဒီအကူအညီ ပေးပို့မှုကို ပြုလုပ်တာဖြစ်တယ်” ဟု အီဖန်ဒီက ပြောသည်။

အမေရိကန်ဒေါ်လာ ၅၂၅,၄၆၄ တန်ဖိုးရှိသည့် ယခုအကူအညီသည် တန်ချိန် ၄၅ တန်ရှိ ထောက်ပံ့ပို့ဆောင်ရေး အထောက်အပံ့များနှင့် ပစ္စည်းများ ဖြစ်ပြီး ယင်းတို့ထဲတွင် တာပေါ်လင်စများ၊ မိသားစုသုံး မိုကာတဲများ၊ ဒုက္ခသည် မိုးကာတဲများ၊ လက်သမား ပစ္စည်းများ၊ အသင့်စား အစားအစာများ၊ ရောဂါကာကွယ်ရန် တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ပစ္စည်းများ၊ စောင်များ၊ မွေ့ရာများနှင့် မီးစက်များ ပါဝင်ကြောင်း ဝန်ကြီးက ပြောသည်။

“ဒါ့အပြင် မလေးရှားနိုင်ငံ ဆူဘန်းကနေ မြန်မာနိုင်ငံ ရန်ကုန်ကို အာဆီယံ AHA စင်တာရဲ့ အကူအညီပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက် အင်ဒိုနီးရှားအနေနဲ့ Herculean လေယာဉ်တစ်စင်း ပံ့ပိုးပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၃ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်၊ ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ စည်းလုံးညွတ်ညွတ်ရေး အားထုတ်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် အင်ဒိုနီးရှားက မြန်မာကို အကူအညီများ ထောက်ပံ့ခြင်းဖြစ်ကြောင်း အီဖန်ဒီက ပြောသည်။

“ဒီမတိုင်မီ ၂၀၁၁ တုန်းက မြန်မာမှာ ရေလွှမ်းမိုးမှုဖြစ်တုန်းကလည်း အင်ဒိုနီးရှားက လူသားချင်းစာနာမှု အကူအညီ ပေးပို့ခဲ့ပါသေးတယ်” ဟု ၎င်းက ပြောသည်။

ဇွန်လ ၂၆ ရက်က မြန်မာမှ လူသားချင်းစာနာမှုဆိုင်ရာ ကိုယ်စားလှယ်များထံ တိုက်ရိုက် အကူအညီ လွှဲပြောင်းမှုကို ဆူဟာယန်တိုက ဦးဆောင်ခဲ့ကြောင်း သိရသည်။

ယခု အကူအညီကို Garuda Indonesia GA 8560 နှင့် My Indo Airlines လေယာဉ်များဖြင့် ပို့ဆောင်ခြင်းဖြစ်ပြီး ယင်းလေယာဉ်များသည် အဆိုပါနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly