ရေး-ထားဝယ်လမ်းတွင် ခရီးသည်တင်ယာဉ်ဖြင့်တင်ဆောင်လာသော ရဲတပ်ဖွဲ့အသုံးအဆောင်များ သိမ်းဆည်းရမိ

By YT (မဇ္ဈိမ)
26 June 2023
ရေး-ထားဝယ်လမ်းတွင် ခရီးသည်တင်ယာဉ်ဖြင့်တင်ဆောင်လာသော ရဲတပ်ဖွဲ့အသုံးအဆောင်များ သိမ်းဆည်းရမိ

မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)လမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ်တစီးပေါ်မှ ရဲတပ်ဖွဲ့ အသုံးအဆောင်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Commanding Office) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးထံမှ သိရသည်။

ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက အမှတ်(၈)လမ်းမကြီး၏ ရေးမြို့နယ်၊ ဘေးလမိုင်းကျေးရွာအနီးတွင် လုံခြုံရေးယူစစ်ဆေးနေသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ(၆) တပ် ရင်း(၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များမှစစ်ဆေးရာတွင် ခရီးသည်တင်ယာဉ်ပေါ်၌တင်ဆောင်လာသော ရဲတပ်ဖွဲ့အသုံးအဆောင်ပစ္စည်းများရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ရွှေစင်စက်ြာခရီးသည်တင်ယာဉ်နဲ့ တင်လာတယ်လို့သိရပါတယ်။ ခရီးသည်တွေရဲ့ပစ္စည်းတွေနဲ့ရောတင် လာတာပါ။ ရဲအသုံးအဆောင်ပစ္စည်းတွေပါပဲ။ ပစ္စည်းတွေအရင်တင်ပေးလိုက်ပြီး လူကအခြားကားနဲ့ လိုက်မဲ့သဘောရှိပါတယ်” ဟု တောင်ပိုင်းတိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ရှာဖွေတွေ့ရှိခဲ့သော ရဲအသုံးအဆောင်ပစ္စည်းများသည် ဒု-ရဲအုပ်နိုင်လွင်ဦးဆိုသူ၏ပစ္စည်းများဖြစ်ပြီး ၎င်း သည် ပစ္စည်းများနှင့်အတူပါလာခြင်းမရှိဘဲ အခြားကားဖြင့်လိုက်လာရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲအသုံးအဆောင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Commanding Office) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကလည်း အမှတ် (၈) လမ်းမကြီး၏ မွန်ပြည်နယ်ဘက်ခြမ်းတွင် လုံခြုံရေးယူ စစ်ဆေးနေသော တပ်မဟာ(၆) KNLA တပ်ရင်း (၂၇)၊ SOF ၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆေးချက်အရ စစ်ကောင်စီတပ်နှင့်ဆက်နွှယ်နေသည့် လူလေးဦးအားဖမ်းဆီးရမိခဲ့ပြီး အရေးယူနိုင်ရန် ဆောင်ရွက်နေ ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့မှစ၍ အမှတ် (၈) လမ်းမကြီးပေါ်သို့ ဖြတ်သန်းသွားလာမည့် ယာဉ်များအနေဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆေးခြင်းအား ကြည်ဖြူစွာလက်ခံရန်၊ စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ္စည်း၊ လူ အစရှိသဖြင့်သယ်ယူခြင်းမပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့်အတူ လိုက် ပါစီးနင်းခြင်းမပြုလုပ်ရန် KNLA တပ်ရင်း(၂၇) တပ်ရင်းမှူးစောနယ်ဒါထူး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#အမှတ်(၈)လမ်းမ

#KNLA

#မွန်ပြည်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly