မြင်းမူရဲစခန်းနှင့် ထွေအုပ်ရုံးကို Federal Wings ဒရုန်းတပ်ဖွဲ့ တိုက်ခိုက်

By ရောင်နီ (မဇ္ဈိမ)
26 June 2023
မြင်းမူရဲစခန်းနှင့် ထွေအုပ်ရုံးကို Federal Wings ဒရုန်းတပ်ဖွဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိစစ်ရေးပစ်မှတ်များဖြစ်သော မြင်းမူမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒရုန်းဖြင့် ‌ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မြင်းမူမြို့မရဲစခန်းနှင့် မြင်းမူမြို့နယ်ထွေအုပ်ရုံးကို ဇွန်လ ၂၄ ရက်နေ့ ညတွင် တိုက်ခိုက်ခဲ့ခြင်းဟု Federal Wings ဒရုန်းအဖွဲ့က ယနေ့ဇွန်လ ၂၆ရက် ထုတ်ပြန်သည်။

" ထိချက်တွေက ကောင်းတယ်ဗျ။ ပေါက်ကွဲသံတွေ ဆူညံသွားတာ။ဒရုန်းနဲ့ အချခံရတာ မနက်မှသိတာ"ဟု မြင်းမူမြို့မရဲစခန်းအနီးတွင်နေသူတစ်ဦးကဆိုသည်။

တိုက်ခိုက်မှုဖြစ်စဉ်ကို Federal Wings ဒရုန်းတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ အသေးစိတ်မပြောနိုင်သေးကြောင်း ပြန်လည်ဖြေကြားသည်။ သို့‌သော်ရဲစခန်းအဆောက်အအုံ နှစ်လုံး နှင့် ထွေအုပ်ရုံးအဆောက်အအုံ သုံးလုံးပေါ် သို့ တိုက်ရိုက်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်မှုများရှိကာ အသေးစိတ်ဆက်လက်စုံစမ်းဆဲဟု Federal Wings ဒရုန်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုဖြင့် လုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။Federal Wings ဒရုန်းတပ်ဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များကို ယခု ၂၀၂၃ခုနှစ် ဇွန်လမှ စတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ ပထမဆုံးအကြိမ်တိုက်ခိုက်မှုအဖြစ် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်တွင် မန္တလေးမုံရွာ ကားလမ်းမကြီးဘေးရှိ ညောင်ပင်၀န်းရဲစခန်းကို နှစ်ရက်ဆက်တိုက် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စာတည်း - မောင်ကြီး

#mizzima

#မြင်းမူမြို့မရဲစခန်း

#မြင်းမူထွေအုပ်ရုံး

#Federal Wings ဒရုန်းတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly