မယ်စဲ့ဒေသတွင် စစ်ဘေးရှောင် ၅,၀၀၀ နီးပါး ရှိလာ

မယ်စဲ့ဒေသတွင် စစ်ဘေးရှောင် ၅,၀၀၀ နီးပါး ရှိလာ

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့တွင်ဖြစ်ပွားနေသော အာဏသိမ်းစစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများကြောင့် ဒေသခံ ၅,၀၀၀ ဝန်းကျင်ခန့် ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် မယ်စဲ့ဒေသခံ စစ် ဘေးရှောင် ၃,၀၀၀ ကျော်ရှိပြီး မြန်မာဘက်ခြမ်းတွင်ရှောင်တိမ်းနေထိုင်နေသည့် စစ်ဘေးရှောင် ၁,၀၀၀ ကျော်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“ထိုင်းဘက်ကို ရောက်နေတာက ၃,၀၀၀ ကျော်၊ နောက်ပြီးတော့ အထဲမှာ (မြန်မာဘက်အခြမ်း) ၁,၀၀၀ ကျော် ကျန်သေးတယ်လို့ သိရတယ်။ အခက်အခဲတွေကတော့ ရှိပါတယ်၊ ထိုင်းဘက်ရောက်တဲ့အဖွဲ့တွေ တောင်မှ ထမင်းထုပ်နဲ့ ရေသန့်မလုံလောက်ဘူး။ နေရာကတော့ အဆောက်အဦးတွေထဲမှာ ပြန့်ကြဲနေကြ တာပေါ့” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် ထိုင်းအာဏာပိုင်များနှင့် နယ်စပ်ရှိ ကူညီကယ်ဆယ်ရေး အရပ် ဘက်အဖွဲ့များက နေရာထိုင်ခင်းများစီစဉ်ပေးထားပြီး တိုက်ပွဲအနည်းငယ်ငြိမ်သက်ပါက မြန်မာဘက်ခြမ်း သို့ပြန်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုင်း-ကရင်နီနယ်စပ်၊ မယ်စဲ့မြို့တွင် ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ ကရင်နီပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေခြင်း ဖြစ်သည်။

မယ်စဲ့မြို့ရှိ မြို့မရဲစခန်း၊ ထိုင်း-မြန်မာနယ်ခြားအမှတ် BP(14)၊ BP(15)၊ BP(16) ဖြစ်သည့် မယ်တနွယ် စခန်း၊ တောင်လှစခန်းတို့ကို ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ ကရင်နီပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် 4K မှ တိုက် ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဇွန် ၂၃ ရက်နေ့တွင် ‌စစ်ကောင်စီတပ်၏ နောက်ဆုံးစခန်းကုန်းဖြစ်သော BP(13) ဗျူဟာ ကုန်းကိုသိမ်းပိုက်နိုင်ခဲ့ရာ မယ်စဲ့မြို့တွင် စစ်ကောင်စီတပ်စခန်းမရှိတော့ဘဲ မြို့တစ်ခုလုံးကို ကရင်နီ ပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်သည့်အခြေအနေဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြော သည်။

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့် မိုင် ၁၄၀ ခန့်သာဝေးသော ကရင်နီဒေသ၊ မယ်စဲ့တိုက်ပွဲသည် စစ်ကောင်စီကို စစ်ရေးအရ ခြိမ်းခြောက်နေပြီး စစ်ကောင်စီတပ်ကလည်း ၎င်းတို့ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။

လက်ရှိတွင် မယ်စဲ့မြို့နှင့် နယ်စပ်ချင်းထိစပ်နေသည့် ဖားဆောင်းမြို့တို့တွင် ယနေ့ ဇွန်လ ၂၆ ရက်နေ့ အထိ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေပြီး တိုက်ပွဲများလည်း ဆက်လက်ပြင်းထန် လာနိုင်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#မယ်စဲ့

#ကရင်နီ

#လေကြောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly