ကိုဒီငြိမ်းလင်း၏ယောက်ဖဖြစ်သူ အကြမ်းဖက်ဖမ်းဆီးခံရမှု လူပျောက်တိုင်ချက်ဖွင့်ထားသော်လည်း ၁၀ ရက် ကြာသည်အထိ သတင်းမသိရ

By ဂန္ဒမာ (မဇ္ဈိမ)
26 June 2023
ကိုဒီငြိမ်းလင်း၏ယောက်ဖဖြစ်သူ အကြမ်းဖက်ဖမ်းဆီးခံရမှု လူပျောက်တိုင်ချက်ဖွင့်ထားသော်လည်း ၁၀ ရက် ကြာသည်အထိ သတင်းမသိရ

၂၀၀၇ မျိုးဆက် ကျောင်းသားသမဂ္ဂခေါင်းဆောင်ကိုဒီငြိမ်းလင်း၏ ယောက်ဖတော်စပ်သူ ကိုသန်းထိုက်ဇော်(ခ) မော်ဒယ် Harry အကြမ်းဖက်ဖမ်းဆီးခံရမှုအား လူပျောက်တိုင်ချက်ဖွင့်ထားသော် လည်း ၁၀ ရက်ကြာသည်အထိ သတင်းမသိရသေးကြောင်း မိသားစုနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရ သည်။

“ဖြစ်စဉ်က ဇွန်လ ၁၆ ရက်နေ့ ညနေ ၇ နာရီ ဝန်ကျင်ခန့်မှာ စမ်းချောင်း မြေနုလမ်းကော်ဖီဆိုင်ရှေ့မှာ အနက်ရောင်ကားသုံးစီးဆိုက်လာပြီး စပို့စ်ရှပ်၊ ဘောင်းဘီတိုနဲ့ မျက်နှာအုပ်ထားတဲ့ လူရှစ်ယောက်က ကို သန်းထိုက်ဇော်ကို ထိုးကြိတ်ပြီးကားတစီးပေါ်ဖမ်းတင်သွားတာပါ။ ရဲစခန်းမှာ လူပျောက်တိုက်ချက်လည်း ဖွင့်ထားတယ်။ အခုထိ ဘာသတင်းမှလည်း ရဲဘက်ကမပေးနိုင်သေးဘူး” ဟု မိသားစုနှင့်နီးစပ်သည့် အနု ပညာအသိုင်းအဝိုင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ဖမ်းဆီးခံရသည့် ကိုသန်းထိုက်ဇော်(ခ)မော်ဒယ် Harry မှာ ၂၀၀၇ မျိုးဆက် ကျောင်းသားသမဂ္ဂခေါင်း ဆောင် ကိုဒီငြိမ်းလင်းဇနီးဖြစ်သူ၏မောင်ဖြစ်ပြီး တေးသံရှင်/မော်ဒယ် လုပ်ကိုင်ကြောင်း သိရသည်။

“မြေနုလမ်းထဲမှာ ကော်ဖီဆိုင်ရှိတယ်၊ စကစဘက်က အစောကြီးထဲက ဝင်နေတာ။ ၃ နာရီလောက်က တည်းက ကားသုံးစီးက ရောက်နေပြီ။ ကိုသန်းထိုက်ဇော်က ၇ နာရီလောက်မှာ ထွက်လာတယ်။

ထွက် လာတဲ့အချိန်မှာ ကားသုံးစီးနဲ့ဖမ်းပြီးတော့ လက်ထိပ်ခတ်ပြီးခေါ်သွားတာ” ကိုသန်းထိုက်ဇော် ဖမ်းဆီး ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စမ်းချောင်းမြို့နယ်‌ ဒေသခံတဦးကလည်း ပြောသည်။

ဖမ်းဆီးခံရသည့်အချိန်မှစ၍ ယနေ့အချိန်ထိ ကိုသန်းထိုက်ဇော်အား ဖမ်းဆီးရသည့်အကြောင်းအရင်း၊ ၎င်း နှင့်ပတ်သက်သည့် သတင်းတစုံတရာကြားသိရခြင်းမရှိဘဲ မည်သည့်နေရာတွင်ထိန်းသိမ်းထားကြောင်း ကိုလည်း စုံစမ်းဆက်သွယ်၍ မရရှိသေးကြောင်း သိရသည်။

ကိုသန်း‌ထိုက်‌ဇော်မှာ စစ်ကောင်စီ၏ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။

“စမ်းချောင်းလို မြို့လယ်ခေါင်မှာ ဆလွန်းကားအမဲရောင်သုံးစီးနဲ့ဝင်လာပြီး တူညီဝတ်စုံနဲ့လူရှစ်ယောက် ဆင်းလာထိုးကြိတ်ပြီးဖမ်းဆီးသွားတာ။ ပြီးတော့ ချန်နယ်တွေက ခြိမ်းခြောက်နေတာ၊ ဖမ်းဆီးတုန့်ပြန်ဖို့ လှုံ့ဆော်နေတာတွေက သက်သေလို့ထင်တာပဲ၊ လက်နက်နဲ့ ထိုးကြိတ်တာရောပဲ” ဟု ဆိုသည်။

ကိုသန်း‌ဇော်ထိုက်မှာ အကြမ်းဖက်ဖမ်းဆီးခြင်းခံရခြင်းဖြစ်သော်လည်း စစ်ကောင်စီဝါဒဖြန့် သတင်းချန် နယ်များတွင် ရန်ကုန်မြို့ပြ PDF အဖွဲ့တည်ထောင်သူ NUG/PDF ခေါင်းဆောင် ဒီငြိမ်းလင်း၏ ယောက်ဖ ဖြစ်သူ သန်းဇော်ထိုက်(အမည်မှားယွင်းဖော်ပြ) (အသက် ၂၈ ) နှစ်ကို အမည်မသိလူတစ်စုက သတ်ဖြတ် သွားသည်ဟု ဖော်ပြနေကြသည်။

စစ်ကောင်စီအားပေးထောက်ခံသူများမှ ယခုကာလအတွင်း ကိုဒီငြိမ်းလင်း၏မိသားစုအား ခြိမ်းခြောက် ပြောဆိုမှုများရှိပြီး ၎င်းတို့အားလုပ်ကြံမည့် အရေးအသားများကိုလည်း လူမှုကွန်ရက်တွင် မျှဝေနေသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စမ်းချောင်းမြို့နယ်

#မြေနုလမ်း

#ကိုဒီငြိမ်းလင်း

#ကိုသန်းထိုက်ဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly