မြောင်မြို့နယ်ရဲစခန်းအတွင်း မွေးနေ့ပွဲကျင်းပနေသည့် စကစတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

By ရောင်နီ (မဇ္ဈိမ)
26 June 2023
မြောင်မြို့နယ်ရဲစခန်းအတွင်း မွေးနေ့ပွဲကျင်းပနေသည့် စကစတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရဲစခန်းအတွင်း မွေးနေ့ပွဲကျင်းပနေသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း CDSOM အဖွဲ့မှ ကိုနွေဦးက မဇ္ဈိမသို့ ပြောသည်။

“ မွေးနေ့လုပ်တဲ့နေရာကိုချဖို့ ရည်ရွယ်ထားပေမယ့် လုံခြုံရေးတွေချထားတာများတော့ သူတို့ကိုပဲ တိုက် ခိုက်လိုက်တာပါ။ ဒရုန်းနှစ်စင်းကို သုံးခေါက်၊ ဗုံးသီးခြောက်လုံးချတယ်။ သုံးလုံးက စခန်းအတွင်းမှာ ကျတယ်။ နှစ်လုံးကတော့ ကင်းထွက်တဲ့ဘက်ကိုကျတယ် “ ဟု ၎င်းကဆိုသည်။

တိုက်ခိုက်မှုကြောင့်မွေးနေ့ပွဲပျက်ကာ ဇွန်လ ၂၅ ရက်နေ့ ညပိုင်းအထိရရှိထားသည့် သတင်းများအရ စစ်ကောင်စီတပ်ဖွဲ့၀င် ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကိုနွေဦးက ပြောသည်။

“ မနေ့ကညအထိ အတည်ပြုရတာက နှစ်ဦး ဆေးသွင်းနေရတယ်။ ကျန်တဲ့လေးယောက်ကတော့ ဒဏ်ရာ ရတယ်။ အားလုံးပေါင်း ခုနစ်ဦး ဒဏ်ရာရတယ်။ မွေးနေ့ကတော့ ပျက်သွားတယ်ပြောရမယ်” ဟု ကိုနွေဦးက ဆိုသည်။

မြောင်မြို့နယ်ရဲစခန်း၌ ဇွန်လ ၂၄ ရက်နေ့က ထပ်မံလာရောက်ပူးပေါင်းထားသည့် အင်အား ၃၀ ခန့် အပါ အ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် ၈၀ ၀န်းကျင်ရှိကြောင်း ဒေသခံများက ပြောသည်။

ရဲစခန်းအတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CDSOM အနောက်ပိုင်း (001) အဖွဲ့၊ မြောင်မြို့နယ် (ပလဖ) အကြမ်းဖက်နှိမ်နှင်း ရေးအဖွဲ့နှင့် မြောင်မြို့မတိုက်နယ် (ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကို Shar Htoo WAW နည်းပညာ (တိုက်ခိုက်ရေး Fixed Wing Drone) ဒရုန်းနှစ်စင်းဖြင့် ပြုလုပ်ခဲ့ခြင်းပြီး ယင်းဒရုန်းသည် ကိုယ်တိုင်ပြုလုပ်ထားသည့် လက်လုပ်လေယာဉ်အသေးစားဖြစ် ကြောင်း သိရသည်။

“ Sharr Htoo Waw က လက်လုပ်လေယာဥ်အသေးစားပါ။ ဒီကောင်က Suicide (အသေခံ) ပုံစံ သုံးလို့ရ တယ်။ Air Drop (ဗုံးပစ်ချ) ပုံစံချပြီး ပြန်လာတာမျိုးလည်း သုံးလို့ရတယ်။ အရင် အီနာဂါနဲ့ချတဲ့ ဒရုန်းတွေ ဆို ကုန်ကျစရိတ်က တစ်စီးကို သိန်း ၇၀၊ ၈၀ လောက်ရှိတယ်။ ပျက်ကြတာ ဘာညာဆို တစင်းပြန်၀ယ် နိုင်ဖို့ကမလွယ်ဘူးလေ။ ဒီကောင်က တီထွင်တာဆိုတော့ ကိုယ်တီထွင်နိုင်ရင်တီထွင်နိုင်သလောက် ခရီး ရောက်တယ်။ ဆုံးရှုံးမှုပိုင်းမှာ နည်းတယ်။ လုပ်ငန်းလုပ်တဲ့ အပိုင်းမှာလည်း ထိရောက်တယ်” ဟု ကိုနွေဦး က ဆိုသည်။

အဆိုပါ လက်လုပ်ဒရုန်းလေယာဉ်အသေးစားသည် တမိနစ်လျှင် တမိုင်နှုန်းပျံသန်းနိုင်ပြီး ရန်သူ့ Jammer (ဆက်သွယ်ရေးလှိုင်းဖြတ်တောက်စက်)များကို ခုခံဖြတ်သန်းနိုင်ကာ အမြင့်ပေ ၂,၀၀၀ မီတာအထိ ပျံသန်းနိုင်ကြောင်း အဆိုပါဒရုန်းကိုထုတ်လုပ်နေသည့် အခြားတော်လှန်ရေးအဖွဲ့တစ်မှလည်း ပြောသည်။

အဆိုပါ ဒရုန်းတစ်စီးလျှင် ကျပ် ၁၃ သိန်း၀န်းကျင်ခန့်သာကုန်ကျပြီး အရေအတွက်များများ ထုတ်လုပ်နိုင် ပါက တော်လှန်ရေးအင်အားစုများထံ ဖြန့်ဝေပေးနိုင်ရန် စီစဥ်နေကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ဒရုန်း

#လက်လုပ်လေယာဉ်ငယ်

#ဗုံးကြဲ

#မြောင်မြို့နယ်

#ရဲစခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly