ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ် ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

By ရွှေနွယ် (မဇ္ဈိမ)
26 June 2023
ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ် ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံရ၍ သုံးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမ သို့ ပြောသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ပေါင်းတည်မြို့နယ်အတွင်း၌ မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ဒဏ်ရာရသူများအားသယ်၍ နောက်ကြောင်းပြန်လှည့်စဉ် ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သစ်ပုတ်အုပ်စု၊ လက်ပံခုံကျေးရွာနှင့် မအူကွင်းကျေးရွာကြား၊ ကျွန်းပင်ဘုအနီး၌ ထပ်မံတိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်းဆိုသည်။

“အလစ်အငိုက် တိုက်တာပါ။ တိုက်ပွဲက ငါးမိနစ်နဲ့ ၁၀ မိနစ်ကြားရှိတယ်။ သူတို့ဘက်ကလည်း လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ တိုက်ပွဲပြီးတော့ သူတို့ဆုတ်သွားပြီး အဲဒီနေရာကို သွားကြည့် တော့ ပစ္စည်းတချို့ရခဲ့တယ်” ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

ဒုတိယအကြိမ်တိုက်ပွဲဖြစ်ပွားရာ နေရာမှ MA3 ကျည်ဘောက်တခု၊ စက်ကလေးကျည်ဘောက်တခု၊ 5.56 ကျည်အတောင့် ၂၀ ၊ ယူနီဖောင်း၊ အရပ်ဝတ် အဝတ်အထည်များနှင့် သွေးစွန်းနေသောပတ်တီးစများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဒဏ်ရာရသူများကို ညနေပိုင်းတွင် မှတ်တိုင်ရွာဘက်မှ ဖောကားဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။

ဇွန်လအတွင်း ပေါင်းတည်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှုနှင့် အလစ်အငိုက်ပစ်ခတ်မှု ခုနစ်ကြိမ်အထိ ပြုလုပ်ထားနိုင်ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ခုနစ်ဦးသေဆုံးထားပြီး ဖြစ်ကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲ သတင်းပြန်ကြားရေး၏ထုတ်ပြန်ချက်များနှင့် PPDF တပ်ဖွဲ့၏ သတင်းပေးပို့မှုများအရ သိရ သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ပေါင်းတည်မြို့နယ်

#ကြားဖြတ်တိုက်ခိုက်

#စစ်ကြောင်း

#သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly