မင်းကင်းတွင် စစ်ကောင်စီတပ်စွဲထားသည့်ကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးများဖြင့် တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
26 June 2023
မင်းကင်းတွင် စစ်ကောင်စီတပ်စွဲထားသည့်ကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကျောက်ခဲတက်‌ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းအဖွဲ့အား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဇွန်လ ၂၅ ရက်  နေ့လယ် ၁၂ နာရီ အချိန်တွင် လက်နက်ကြီး ၊ မောင်းသူမဲ့  ဒရုန်းလေယာဉ်များ သုံး၍ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF)ထံမှ သိရသည်။

“‌မောင်းသူမဲ့ ဒရုန်းလေယာဉ်အသုံးပြုပြီး ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့သလို နောက်ထပ် ၆၀ မမ ဗုံးသီး ခြောက်လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ  AT က ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်နှင့် ဗုံးသီးများ သည် အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားရာ ကျောက်ခဲတက်ကျေးရွာရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ကျဆုံးမှုများ ရှိနိုင်ကြောင်း ၎င်းကဆိုသည်။
ယင်းတိုက်ခိုက်မှုကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF) နှင့် ဒေသခံ ပ.က.ဖ အဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်တွင်  Shar Htoo Waw နည်းပညာကို အသုံးပြု၍ မောင်းသူမဲ့ ဒရုန်းလေယာဉ်များထုတ်လုပ်နေပြီး အစင်းရေများစွာ ထုတ်လုပ်နိုင်ရေးအတွက် ငွေကြေးအခက်အခဲ ရှိနေကြောင်းလည်း KLG PDF ထံမှ သိရသည်။

“ဒရုန်းလေယာဉ်ကတော့ ဘက်ထရီအပေါ်မှာ မူတည်တာဖြစ်ပြီး ဘက်ထရီခံရင်ခံသလို ခြောက်မိုင် ခုနစ် မိုင်လောက်အထိ အသုံးပြုလို့ရပါတယ်။ အခုထုတ်နေတဲ့ မောင်းသူမဲ့ ဒရုန်းလေယာဉ် တစ်စီးထုတ်လုပ်ဖို့ ၁၃ သိန်းဝန်းကျင်လောက်တော့ ကုန်ကျတယ်။ နည်းပညာပိုင်းရော ပစ္စည်းကိုရော အရေအတွက်များများ ထုတ်လုပ်နိုင်ပြီဆိုရင် တော်လှန်ရေးအင်အားစုတွေဆီ ဖြန့်ပေးဖို့ ရှိပါတယ်” ဟု ထုတ်လုပ်ရေး လုပ်နေ သည့် ရဲဘော်တစ်ဦးက ဆိုသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required