ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးရှောင်များကို အာဟာရဒါန လှူဒါန်း

By MTO (မဇ္ဈိမ)
25 June 2023
ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးရှောင်များကို အာဟာရဒါန လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူမျာကို ချင်းတွင်မြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းက အာဟာရဒါန အဖြစ် ထမင်းကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

“လူ ၅၀၀ ကျော်အတွက် အာဟာရဒါနအဖြစ် ထမင်းကျွေးမွေခဲ့တာပါ” ဟု သပိတ်စစ်ကြောင်းမှ ဦးဆောင် အဖွဲ့ဝင် ကိုအောင်ခန့်ဇော်က ပြောသည်။

ညောင်ပင်ကြီးကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၉ ရက်နေ့မှစတင် ကာ နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးနေသည့်အတွက် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၈,၀၀၀ နီးပါး စစ်ဘေး ရှောင်နေရသည့်အတွက် လိုအပ်ချက်များရှိနေကြောင်း ကိုအောင်ခန့်ဇော်က ဆိုသည်။

“တချို့ကျတော့လည်း အဝတ်တထည်ကိုယ်တခုနဲ့ ကိုယ်လွတ်ရုန်း ပြေးရတဲ့အခါကျတော့ အဝတ်အထည် တွေလိုအပ်တာလည်းရှိတယ်။ အစားအသောက်အတွက် ရိက္ခာတွေလည်းလိုတယ်” ဟု ကိုအောင်ခန့်ဇော် က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ ဇွန်လ ၂၅ ရက် မနက်ပိုင်းကလည်း ညောင်ပင်ကြီးစျေးနားတဝိုက်နှင့် သိမ်တော်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required