ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ပစ်သတ်ကာ အလောင်းဖျောက်ဟုဆို

By MTO (မဇ္ဈိမ)
23 June 2023
ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ပစ်သတ်ကာ အလောင်းဖျောက်ဟုဆို

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ များက စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ပစ်သတ်ကာ ရုပ်အလောင်းဖျောက်ဖျက်ခြင်းများ ပြုလုပ်လာသည်ဟု ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီထံမှ သိရသည်။

“သေဆုံးတဲ့ဦးရေက ၁၅ ဦးကျော်လောက်ရှိမယ်၊ အလောင်းပြန်မရတာတွေရှိတယ်၊ အလောင်းပြန်ရတာလည်း ရှိပါတယ်၊ ကျန်တာတွေကို မီးရှို့တဲ့အထဲ ထည့်ပြီး အလောင်းဖျောက်တာတွေ ရှိတယ်” ဟု သပိတ်ကော်မတီဝင် တစ်ဦးက ပြောပသည်။

ဇွန်လ ၁၄ ရက်နေ့တွင် ပြည်သူ ရှစ်ဦးခန့်ရှိသည့် နေရာတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ  တစ်ဦးခေါင်းထိမှန်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်း‌နေ့တွင်ပင် ထန်းတောရွာ မြောက်ပိုင်းတွင် နေအိမ်သို့ ပစ္စည်းပြန်ယူသူများကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ရာ ဒေသခံ ၁၀ ဦး သေဆုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီဝင်က ဆိုသည်။

ဇွန်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့်  စိတ်ဝေဒနာသည် အမျိုးသားတစ်ဦးကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီက သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ဆိုသည်။

“အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့သဘောမျိုးဖြစ်နိုင်တယ်၊ သိရသလောက်တော့ ထန်းတောရွာ မြောက်ပိုင်းမှာ ၁၀ ယောက်ရှိတယ်၊ နှစ်လောင်းပြန်ကောက်နိုင်တယ်” ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်ကြီးကျေးရွာရဲစခန်း၌ ဒေသခံ ၃၀ ဦးထက်မနည်း ဖမ်းဆီးထားပြီး  စခန်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အလုပ်ကြမ်းများ လုပ်ခိုင်းနေကြောင်း သိရသည်။

ညောင်ပင်ကြီး ရဲစခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၉ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကို သိမ်းယူသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အင်အားတိုးချဲ့ကာ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၊ ဒေသခံများကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required