အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ် သီးမစ်လွင်ပြင် မကျော်နိုင်

By ပါခွီး (မဇ္စျိမ)
23 June 2023
အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ် သီးမစ်လွင်ပြင် မကျော်နိုင်

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်မှ ထန်တလန်မြို့သို့ စစ်အင်အား ဖြည့်တင်းရန် စစ်ကြောင်းထိုးရန်လာရောက်သည့် စစ်ကောင်စီတပ်သည် ဟားခါးမြို့နယ်အတွင်းရှိ သီးမစ်လွင်ပြင်ကို မဖြတ်ကျော်ဘဲရှိနေကြောင်း ချင်းအမျိုးသားတပ်မတော်ထံမှ သိရသည်။

ထန်တလန်မြို့တွင် အင်အားဖြည့်တင်းပြီး ချင်းအမျိုးသားတပ်မတော် (CNA)ဌာနချုပ်ကို တိုက်ခိုက်ရန်အတွက် သွားရောက်မည့် စစ်ကောင်စီတပ်သည် မေလနောက်ဆုံးအပတ်မှစတင်၍ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး လမ်းကြောင်းရှင်းကာ မေလ ၂၆ရက်နေ့၌ စစ်ကြောင်းနှစ်ကြောင်းထိုးလာရာ ချင်းပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်နေသဖြင့် ရှေ့မတိုးနိုင်ဖြစ်နေကြောင်း ဆိုသည်။

“အခု ရာသီဥတုကဆိုးတော့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ် ၊ သူတို့ဖက်ကလှုပ်ရှားမှု မရှိဘူး ၊ ကျနော်တို့ဖက်ကတော့ ချောင်းမြောင်းပစ်ခတ်တာနဲ့ ဒရုန်းနဲ့ ဗုံးချတာမျိုးနဲ့ တိုက်ခိုက်နေတာရှိတယ်” ဟု CNA ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမကို ပြောသည်။

မိုးရာသီဖြစ်သည့်အားလျော်စွာ မိုးများပြီးတိမ်ထူထပ်ကာ မှိုင်းများတိုက်နေသဖြင့် မြင်ကွင်းမရှင်းဘဲ ဖြစ်နေသော ရာသီဥတုအောက်တွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲခြင်း လက်ဖြောင့်တပ်သားများမှ ချောင်းမြောင်းပစ်ခတ်ခြင်းများ ကြိုးကြားပြုလုပ်လျက်ရှိနေကြောင်းဆိုသည်။

စစ်ကောင်စီတပ်သည် ချင်းတပ်ဖွဲ့များ ဝိုင်းဝန်းပိတ်ဆို့ထားသဖြင့် မြေပြင် အင်အားမဖြည့်တင်းနိုင်သောလည်း  ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့များကို ချေမှုန်းပြီး CNA ဌာနချုပ်ကို တိုက်ခိုက်ရန် စစ်ရေးရည်ရွယ်ချက်ရှိကြောင်း ဆလိုင်းထက်နီက သုံးသပ်ပြောဆိုသည်။

အဆိုပါ သီးမစ်အထက်နှင့်အောက်ပိုင်းသို့ အင်အား ၁၅၀ခန့်ဖြင့် စစ်ကြောင်း နှစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA နှင့် ဒေသခံချင်း ကာကွယ်ရေးတပ်ဖွဲ့များမှ လုံခါရ်တောင်ကို အစွဲပြုပြီး “လုံခါရ်” စစ်ဆင်ရေး ဟု အမည်ပေးကာ ခုခံကာကွယ်နေခြင်း ဖြစ်သည်။

မေလ ၂၆ရက်မှ စတင်ခဲ့သော အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရခဲ့ကြောင်း ချင်းတပ်ဖွဲ့ ထံမှ သိရသည်။

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းမှ ဗုံးချခြင်း ၊ ဟားခါးမြို့မှ လက်ကြီးများဖြင့် ပစ်ကူပေးခြင်းများပြုလုပ်ခဲ့သောကြောင့် ချင်းပူးပေါင်းတပ်ဖွဲ့ဝင် ၁၇ ဦးကျဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိထားကြောင်း သိရသည်။

ယခုကဲ့သို့ ရာသီဥတုဆိုးရွားပြီး တိုက်ပွဲအပြင်းအထန်မဖြစ်ပွားသော်လည်း ချင်းတပ်ဖွဲ့များက ဟားခါးမြို့တွင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် လက်နက်ကြီးထားရာနေရာသို့ ဝင်ရောက်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး မြို့တွင်းတွင် လုံခြုံရေး တင်းကျပ်နေရာ စစ်ဆေးရေးများပြုလုပ်နေကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။ 

မတ်လ ၉ ရက်နေ့တွင် ကလေးမြို့မှ ဟားခါးမြို့သို့ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းရန် တင့်ကားနှစ်စီး ၊ ကုန်တင်ယာဉ် အစီး ၃၀နှင့် အင်အား ၂၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းပူးပေါင်းတပ်ဖွဲ့များမှ အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၃ရက်နေ့တွင် စစ်ကြောင်းပါ ယာဉ်တန်းအားလုံးကို ဖျက်ဆီးလိုက်နိုင်ခဲ့ကြောင်း ချင်းတပ်ဖွဲ့များထံမှသိရသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း နည်းမျိုးစုံဖြင့်အင်းအားဖြည့်တင်းရန် ကြိုးစားနေပြီး ၎င်းတို့တပ်ဖွဲ့ဝင်များကို အရပ်သားအသွင်ယူ၍ အရပ်သားယာဉ်လိုင်းများကို အသုံးပြုကာ စစ်အင်းအားဖြည့်တင်းနေကြောင်း ချင်းအမျိုးသားတပ်ဦးက သတိပေးထားသည်။

ယင်းသို့ အရပ်သားအသွင်ယူ၍ အင်အားဖြည့်တင်းလာမှုအပေါ် ကာကွယ်တားဆီးနိုင်ရန် ဒေသခံချင်းလူမျိုးမှအပ ပြင်ပလူများ ချင်းပြည်အတွင်းဝင်ရောက်သွားလာရန်အတွက် သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ထောက်ခံစာဖြင့်သာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly