ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် သေနတ်ဖြင့် ပစ်သတ်ခံရ

By YT  (မဇ္ဈိမ)
23 June 2023
ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် သေနတ်ဖြင့် ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင် တစ်ဦးဖြစ်သည့် ဦးရဲနိုင်အောင် (သင်္ချာရဲနိုင်) အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ယမန်နေ့  ညပိုင်းတွင် ထုတ်ပြန်ထားသည်။ 

ယမန်နေ့ ဇွန်လ၂၂ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ကျိုက်ထိုမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးရဲနိုင်အောင် (သင်္ချာရဲနိုင်)အား ကျိုက်ထိုမြို့နယ် ၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိတောရကျောင်း မုဒ်ဝအရှေ့တွင် KRF တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

“ကျိုက်ပိမှာ အပစ်ခံရတာဖြစ်တယ်။ သူက မြို့နယ်ကောင်စီရုံး အဖွဲ့ဝင်ထဲမှာပါတယ်။ သူ့ကြောင့် တော်လှန်ရေးရဲဘော်တွေ တော်တော်များများ ဖမ်းဆီးခံရလို့ မြေပြင် UG တွေက သူ့ကို သုတ်သင်ရှင်းလင်းတယ်လို့ သိရပါတယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။ 

ဦးရဲနိုင်အောင် (သင်္ချာရဲနိုင်)သည် သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခံခဲ့ရမှုကြောင့် လည်ပင်း၊ ရင်ဘတ်၊ ဗိုက်၊ နားထင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။ 

သင်္ချာရဲနိုင်သည် ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ သမ္မလပိုင်းတွင် နေထိုင်ပြီး အာဏာသိမ်းပြီးချိန်မှစ၍ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦးအဖြစ် ပါဝင်လာသူဖြစ်ကြောင်း သိရသည်။ 

"သူက စစ်တပ်အမာခံ၊ ကျူရှင်ဆရာလည်းဖြစ်တယ်၊ ဘော်ဒါဆောင်လည်းဖွင့်တယ်။ နဂိုကတည်းက မြို့ထဲမှာ နှံ့စပ်တော့ သပိတ်ကာလကနေစလို့ သူ့ကြောင့်နဲ့ အဖမ်းခံရတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ မြို့ထဲမှာနေတဲ့ ထောက်ပို့တွေ မနည်းဘူး" ဟု ကျိုက်ထိုမြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

၎င်းသည် မြို့နယ်အတွင်းရှိ တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်သူများအား ဖမ်းဆီးခြင်း၊ နေအိမ်ချိတ်ပိတ်ခြင်းတို့ကို ဦးဆောင်ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။ 

ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ သမ္မလပိုင်းတွင် နေထိုင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်သည့် ဦးခင်လတ်အား ပစ်ခတ် ရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required