ဖုန်း ကြားဖြတ်ထောက်လှမ်းခြင်းအတွက် ထိုင်းအစိုးရကို တရားစွဲ

ဖုန်း ကြားဖြတ်ထောက်လှမ်းခြင်းအတွက် ထိုင်းအစိုးရကို တရားစွဲ

၂၀၂၀ နှောင်းပိုင်းနှင့် ၂၀၂၁ အစောပိုင်းက ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများအတွင်း ၎င်းတို့၏ ဖုန်းများကို Pegasus spyware အသုံးပြုပြီး ကြားဖြတ်ထောက်လှမ်းခြင်းများ လုပ်ဆောင်ခဲ့သည်ဆို၍ ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးက ထိုင်းအစိုးရကို တရားစွဲသည်။

၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ချိုးဖောက်သည်ဆိုလျက် ဝန်ကြီးချုပ်ရုံးအပါအဝင် အစိုးရဌာန ကိုးခုကို ယင်ချစ်ပ် အက်ချန်နွန်နှင့် အာနွန်နမ်းပါတို့နှစ်ဦးက အင်္ဂါနေ့တွင် တရားစွဲဆိုခြင်း ဖြစ်သည်။

Apple ထံမှ သတိပေးချက် ရပြီးနောက် အဆိုပါ spyware အကြောင်းကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ယင်ချစ်ပ်က ဖေ့ဘုတ်ပေါ်တွင် ပြောဆိုသည်။

သတင်းအချက်အလက် ခိုးယူခံရခြင်း ရှိမရှိ စစ်ဆေးရန် ကနေဒါရှိ ဓာတ်ခွဲခန်းတစ်ခုသို့ ၎င်း၏ ဖုန်းကို ပို့ဆောင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဖုန်းအား သူလျှိုထောက်လှမ်းခံရကြောင်း အတည်ပြုချက် ရသည့်နောက်တွင် ၎င်းသည် ဆိုင်ဘာလုံခြုံရေး ပညာရှင် ဂျွန်စကော့ရေးတန်နှင့် ဆက်သွယ်ခဲ့ပြီး အစိုးရကို မည်သို့ တရားစွဲရမည်ဆိုခြင်းအား အကြံဉာဏ်တောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြပွဲများအတွင်း ၎င်းတို့၏ ဖုန်းများကို ၁၀ ကြိမ်ထက်မနည်း ကြားဖြတ်ထောက်လှမ်းခံရကြောင်း ၎င်းတို့နှစ်ဦး၏ တိုင်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ နှောင်းပိုင်းနှင့် ၂၀၂၁ အစောပိုင်းတို့တွင် ထိုင်းနိုင်ငံ၌ ဒီမိုကရေစီ လိုလားသော ဆန္ဒပြပွဲများ ဖြစ်ပွားပေါ်ပေါက်ပြီး ဝန်ကြီးချုပ် ပရာယွတ် နုတ်ထွက်ရန်နှင့် ဘုရင်စနစ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုခဲ့ကြသည်။ သို့ရာတွင် ထိုင်းနိုင်ငံ၌ COVID-19 ဒုတိယလှိုင်း ကျရောက်ရာ ဆန္ဒပြပွဲများ၏ အရှိန်က ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အစ္စရေးအခြေစိုက် NSO Group ထုတ်လုပ်သည့် spyware ဖြစ်သော Pegasus ဖြင့် ကမ္ဘာ့အနှံ့က ဖုန်းပေါင်း ၅၀,၀၀၀ ကျော်ထက်မနည်းကို ကြားဖြတ်ထောက်လှမ်းခံရကြောင်း သိရသည်။

ထိုအတွက်ကြောင့် စုံစမ်းစစ်ဆေးရန် ဥရောပပါလီမန်က အထူးကော်မတီတစ်ရပ် ဖွဲ့စည်းထူထောင်ခဲ့သလို အမေရိကန်အစိုးရကလည်း Pegasus ကို တင်သွင်းခြင်းနှင့် အသုံးပြုခြင်း တားမြစ်ခဲ့သည်။ NSO Group အုပ်စုကို နည်းပညာကုမ္ပဏီကြီး Apple ကလည်း တရားစွဲထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.aa.com.tr/en/asia-pacific/thai-political-activists-sue-gover...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required