မယ်ဟောင်ဆောင်ရှိ မြန်မာဒုက္ခသည်များကို အကူအညီများ ပေးထားဟု ထိုင်းအာဏာပိုင်တို့ ပြော

မယ်ဟောင်ဆောင်ရှိ မြန်မာဒုက္ခသည်များကို အကူအညီများ ပေးထားဟု ထိုင်းအာဏာပိုင်တို့ ပြော

မြန်မာအာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် ၄,၀၀၀ နီးပါးခန့်ကို အကူအညီများ ပေးအပ်ထားကြောင်း ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်မှ အာဏာပိုင်များက ပြောသည်။

ဆာရီယန်း ခရိုင် ဆောင်ဟင်း ခရိုင်ခွဲ ဘန်ဆောင်ဟင်အရပ်နှင့် ခွန်ယူအမ် ခရိုင် မယ်ခီ ခရိုင်ခွဲ ဘန်ဖာခယ် အရပ်ရှိ နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၃,၉၀၄ ဦးသည် နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၏ နယ်စပ်ခရိုင်နှစ်ခု၌ လာရောက်ခိုလှုံနေကြရခြင်းဖြစ်သည်။

ဆောင်ဟင် ခရိုင်ခွဲရှိ ဘန်ဆောင်ဟင် စခန်းတွင် မြန်မာဒုက္ခသည် ၃,၂၁၁ ဦး ရောက်ရှိနေပြီး ကျန်ဒုက္ခသည်များကို ဘန်ဖာခယ် စခန်းသို့ ခေါ်ဆောင်ထားသည်။

မယ်ဟောင်ဆောင် ပြည်နယ် အုပ်ချုပ်ရေးမှူး ချက်သာ မိုဆစ်ခါရတ်သည် ၎င်း၏ လက်ထောက်၊ သက်ဆိုင်ရာအရာရှိများ၊ ကြက်ခြေနီအသင်းတို့နှင့်အတူ ဇွန်လ ၂၁ ရက်က မြန်မာဒုက္ခသည်များကို ဒေသခံပြည်သူများ လှူဒါန်းပေး‌သော အသက်ဆက်လက်ရှင်သန်ရေး အထောက်အပံ့ပစ္စည်းများ အပါအဝင် လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ် စီမံခန့်ခွဲမှု စင်တာ၏ ဒါရိုက်တာတစ်ဦးအနေဖြင့် မိမိသည် အခြေအနေနှင့်ပတ်သက်ပြီး အစိုးရအေဂျင်စီများကို တင်ပြထားကြောင်း မစ္စတာ ချက်သာက ပြောသည်။ ယခု မြန်မာဘက်ရှိ ပဋိပက္ခနှင့်ပတ်သက်၍ ထိုင်းအနေဖြင့် မည်သည့်ဘက်ကိုမှမလိုက်ဘဲ ကြားနေအဖြစ် ဆက်ရှိနေမည် ဖြစ်သလို တာဝန်ရှိသူများနှင့် လုံခြုံရေး အေဂျင်စီများက ဒုက္ခသည်များကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်ထားကြောင်း ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ဧရိယာများသို့ ခရီးသွားလာခြင်း မပြုရန် ဒေသခံများကို ၎င်းက တိုက်တွန်းထားသည်။

Myanmar refugees in Mae Hong Son get help
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly