တနင်္သာရီမြို့ သမီးလှအရှေ့ကမ်း ၅ ရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိအပါဝင် ၆ ဦးသေဆုံး

By ကိုရွှေမြိတ် (မဲဆောက်)မဇ္ဈိမ
22 June 2023
တနင်္သာရီမြို့ သမီးလှအရှေ့ကမ်း ၅ ရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိအပါဝင် ၆ ဦးသေဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု သမီးလှ အရှေ့ကမ်းတွင်ဖြစ်ပွားခဲ့သည့် ငါးရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိတစ်ဦးအပါဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

သမီးလှအရှေ့ကမ်းကျေးရွာသို့ တနင်္သာရီအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၅၈) တပ်မှ အင်အား ၆၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့်  စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် တကူကျေးရွာအုပ်စုရှိ သမီးလှအရှေ့ကမ်းကျေးရွာသို့ ဇွန်လ ၁၆ ရက်မှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာ၍ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟုဆိုသည်။

 “ ဇွန်လ ၂၀ ရက်နေ့က စစ်တပ်က သမီးလှကနေ ပြန်ဆုတ် သွားတယ်။ သေဆုံး ထိခိုက်မှုများတယ်။ အရာရှိပါ သေဆုံးလို့ သိရပြီး ပြန်ဆုတ်တဲ့ အချိန်မှာ ရွာသား မျက်မြင် အလောင်း သုံးလောင်းနဲ့ တနင်္သာရီဆေးရုံရောက်မှ နောက်သုံးယောက်ထပ်သေတယ်။ ညတွင်းချင်း သင်္ဂြိုဟ်လိုက်တယ် ”ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြသည်။

စစ်ကြောင်းထိုးဝင်ရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များဖြစ်ကြသော KTLA tcjf၊ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့၊ SWDF ၊ မြိတ်(ပကဖ)၊ မြိတ်ခရိုင် တပ်ရင်း(၂)၊ တောပုန်းကြီးအဖွဲ့ တို့မှ ပူးပေါင်းကာ မြေပြင်ရော၊ ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်း ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အရပ်သားနှစ်ဦးလည်း ထိခိုက်ခဲ့ရကြောင်း ဆိုသည်။

အရပ်သားထိခိုက်မှုနှင့်ပတ်သက်၍ “ စိုးရိမ်စရာတော့ မရှိဘူး” ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required