စာရေးဆရာညီပုလေး နှလုံးရောဂါဖြင့်ကွယ်လွန်

By 007 (မဇ္ဈိမ)
21 June 2023
စာရေးဆရာညီပုလေး နှလုံးရောဂါဖြင့်ကွယ်လွန်

လူထုမျိုးဆက် အမျိုးသားစာပေဆုရှင် စာရေးဆရာညီပုလေး ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း မန္တလေးစာပေအသိုက်အ၀န်းမှ သိရသည်။

"စစ်အာဏာသိမ်းပြီးသိပ်မကြာဘူး နှလုံးရောဂါဖောက်ဖောက်လာလို့ ဆေးကုနေရတယ်၊ ဆေးကုနေရင်း ဒီမနက်အမောဖောက်ပြီးဆုံးတာပါ၊ အခုအိမ်မှာပါ " ဟု မြို့ခံစာရေးဆရာတစ်ဦးက ပြောသည်။

အမျိုးသားစာပေဆုရှင် စာရေးဆရာညီပုလေးကို၊ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က၊ လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မန္တလေးမြို့တွင်မွေးဖွားခဲ့ပြီး၊ နာမည်ရင်းမောင်ငြိမ်းချမ်း(ခ)ဘိုညိုဖြစ်သည်။

မွေးချင်းငါးယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး၊ ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာအထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုင်၀င် တန်းအထိ ပညာသင်ကြားခဲ့သည်။

ထို့နောက် မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒ(သိပ္ပံ)ဘွဲ့ရရှိခဲ့သည်။၁၉၇၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် တောတွင်းဗကပသို့ ရောက်ရှိနေသောအစ်ကိုဖြစ်သူ ဖိုးသံချောင်းနှင့် စာအဆက်အသွယ်လုပ်သည် ဆိုသောစွပ်စွဲချက်ဖြင့် မိခင်ဖခင်တို့နှင့်အတူ ထိန်းသိမ်း(မန္တလေးထောင်တွင် ခုနစ်လအချုပ်)ခံခဲ့ရသည်။ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်တွင်လည်း နိုင်ငံရေးမှုဖြင့် အင်းစိန်ထောင်၊ သရက်ထောင်တို့၌ ရှစ်နှစ်ကျော် အကျဥ်းကျခံရခဲ့သည်။

၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူမဂ္ဂဇင်းတွင် "လျက်ဆားတတို့" ၀တ္ထုတိုကိုစတင်ဖော်ပြခြင်း ခံခဲ့ရသည်။

ထို့နောက် မဂ္ဂဇင်းများတွင် ၀တ္ထုတိုများဆက်လက်ရေးသားရင်း၊ ၁၉၈၉ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ ထီးပေါင်းကားစာအုပ်တိုက်ကို ၈၄ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားတွင် တည်ထောင်ခဲ့သည်။
စာရေးဆရာညီပုလေး၏ပထမဦးဆုံးလုံးချင်း၀တ္ထုတိုစာအုပ်သည် သူ့ထက်ကဲ ရွှေပြည်စိုး ညီပုလေးဖြစ်သည်။

စာပေလောကဖြတ်သန်းရင်း ၀တ္ထုတို/ရှည်ပေါင်းများစွာရေးသားခဲ့ပြီးနောက်၊ ၂၀၀၆ ခုနှစ်တွင် ငြိမ်သက်တစ်မိနစ်နှင့်အခြား၀တ္တုတိုများ စာအုပ်ဖြင့် မိုးကုတ်မြို့ သဟာယစာကြည့်တိုက်၏ပထမဦးဆုံးသဟာယစာပေဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

ပန်းချီရေးဆွဲခြင်းနှင့်  ဓာတ်ပုံရိုက်ကူးခြင်းကိုလည်း ဝါသနာပါသောစာရေးဆရာညီပုလေးသည် ကိုယ်တိုင်လည်း ငြိမ်းချမ်းစိမ်းလန်းအမည်ဖြင့် ဓာတ်ပုံပြပွဲများကျင်းပပြုလုပ်ခဲ့ဖူးသည်။

၂၀၁၂ ခုနှစ်တွင် ဆဋ္ဌမအကြိမ်မြောက် တော်ဘုရား(အောင်ဇေ)စာပေဆုအတွက် "တတိယမြို့တော်သားရဲ့အလွမ်း" ၀တ္ထုတိုဖြင့် ဆုချီးမြှင့်ခံခဲ့ရပြီး၊ ၂၀၁၆ ခုနှစ်တွင်လည်း "ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်" စာအုပ်ဖြင့် အမျိုးသားစာပေဆု ချီးမြှင့်ခံခဲ့ရသည်။

အမျိုးသားစာပေဆုရှင် လူထုမျိုးဆက် စာရေးဆရာညီပုလေးတွင်၊ ဇနီးဒေါ်တင်တင်၀င်းနှင့် သားသမီးသုံးယောက်ရှိပြီး၊ ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required