မော်လမြိုင်တွင် ပန်းပျိုးပင် ဝေသူ ဖမ်းဆီးခံရ

By ဂျူချန်း (မဇ္ဈိမ)
21 June 2023
မော်လမြိုင်တွင် ပန်းပျိုးပင် ဝေသူ ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ လမုတန်းလမ်း၊ ရွှေမြိုင်သီရိဈေးအနီးရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၁၉ ရက်နေ့ နံနက် ၈နာရီကျော်ခန့်တွင် ပန်းပျိုးပင်များဝေသောကြောင့် ရဲများမှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။

“အဲ့နေ့ ဈေးထဲကို ဖြတ်သွားတော့ အဲ့လမ်းကြားထဲမှာ ရဲတွေကိုတွေ့တယ်။ ဘာလုပ်လို့လုပ်နေမှန်းတော့ ကိုယ်လည်း မသိဘူး။ ပြီးတော့ သုံးယောက်ကို ဖမ်းသွားတယ်လို့ သိရတယ်” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် နေအိမ်သည် သစ်ခွမင်းသမီး ပျိုးပင်ရောင်းသည့် အိမ်ဖြစ်ပြီး ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပျိုးပင်များကို လမ်းသွားလမ်းလာများနှင့် ဈေးဝယ်သူများအား ဝေငှခဲ့ရာ facebook တွင် live ပါ လွှင့်ခဲ့ကြောင်းနှင့် ဖမ်းဆီးခံရသူများထဲတွင် live လွှင့်ခဲ့သူ ပါဝင်ခြင်းရှိမရှိကိုမူ အတည်မပြုနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ပန်းဆိုတာထက် အပင်တွေ ဝေတယ်ပေါ့နော်။ အောင်သပြေတို့၊ စံပယ်တို့ပေါ့နော်။ ပျိုးပင်ပေါက်တွေပဲ။ ဝေပြီးတော့ ရဲတွေဘာတွေရောက်လာပြီး ဖမ်းသွားတယ်။​ ကာယကံရှင်(live လွှင့်သူ) ကို မိလားမမိလားတော့ မပြောတတ်ဘူး။ ဆိုင်မှာလုပ်တဲ့ ကောင်မလေးတွေကိုတော့ ဖမ်းသွားတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးသွားသူများအား မော်လမြိင် ဇေယာသီရိ ရဲစခန်း၌  ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ယနေ့ ၂၁ ရက်နေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ် ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်းထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပန်းသပိတ်ကို ပုံစံအမျိုးမျိုးဖြင့် ပါဝင် ဆင်နွှဲခဲ့ကြသည်။ 

စစ်ကောင်စီတပ်မှ ဇွန်လ ၁၉ ရက်နေ့တွင် ပန်းပန်သူများ၊ ဘုရားပန်းကပ်သူများနှင့် လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းကြောင်း တင်ကြသူများအား လိုက်လံဖမ်းဆီးနေကြရာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူ ၁၀၀ ကျော်ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကိုမူ  ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

စာတည်း-  သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required