မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရ

By 007၊008 (မဇ္ဈိမ)
20 June 2023
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရုံးပင်ရွာမှ ကြပ်ပြင်ရွာသို့ သွားရောက်ပူးပေါင်းသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ယနေ့ ဇွန် ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယနေ့ ဇွန် ၂၀ ရက် နံနက် ၁၁ နာရီခန့်က မန္တလေးတိုင်း မတ္တရာမြို့နယ် ရုံးပင်ကျေးရွာမှ ကြပ်ပြင်ကျေးရွာဘက်သို့ ကူးလာသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ကြပ်ပြင်ကျေးရွာတွင် တပ်စွဲအထိုင်ချနေစဉ် စနိုက်ပါဖြင့် စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

"ပထမတစ်ကောင်က ကင်းသမား၊ ပထမတစ်ချက်က လွဲသွားတယ်၊ နောက်တစ်ချက်ထပ်ပစ်တော့ ထိတယ်၊ အထဲကနေ စခ (စစ်ကောင်စီတပ်သား) ငါးကောင်ထပ်ထွက်လာတော့ နောက်တစ်ချက်ထပ်ပစ်တာ အဲဒီမှာတစ်ကောင် ထပ်ထိတယ်၊ စုစုပေါင်း သုံးချက်ပစ်ခဲ့တာ နှစ်ကောင်ထိတယ်" ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး)မှတာ၀န်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူက ဆက်ပြောသည်။

"မြနန္ဒာစစ်ဆင်ရေး(မန္တလေး) မှ ရဲဘော်များက စနိုက်ပါဖြင့် စောင့်ဆိုင်းပြီး သုံးချက် ချက်ပစ်ခတ်ခဲ့တာ၊ စခ (စစ်ကောင်စီတပ်သား) နှစ်ကောင် ငရဲသို့ ပို့ဆောင်ပေးခဲ့ပါတယ်"ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး) တာဝန်ရှိသူက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။ ဒေသခံတစ်ဦးကလည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း မဇ္ဈိမကို အတည်ပြု ပြောသည်။

"ဖြစ်တယ်ဗျ၊ သေမသေတော့ မသိရဘူး၊ ကြပ်ပြင်ရွာမှာ တပ်စွဲထားတဲ့တပ် အပစ်ခံရတာပါ"ဟု ဒေသခံတစ်ဦးက ပြောသည်။

မြနန္ဒာ စစ်ဆင်ရေး(မန္တလေး) အနေဖြင့် တိုက်ခိုက်မှု ၃၃ ခု ပြုလုပ်ထားပြီး

ဆက်လက် စစ်ဆင်ရေး အရှိန် မြှင့်တင်ရန်၊ လိုအပ်နေသည့် လက်နက် ခဲယမ်းများ ဖြည့်တင်းရန်အတွက် ကူညီထောက်ပံ့ပေးကြရန် အဆိုပါအဖွဲ့က မေတ္တာရပ်ခံ ထားသည်။

“ကျွန်တော်တို့ လျာထားတဲ့ မစ်ရှင်တွေ အများကြီးရှိပေမယ့် လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် မစ်ရှင်ဖော်ဆောင်ဖို့ ကြန့်ကြာနေတာတွေ ရှိပါတယ်” ဟု မြနန္ဒာစစ်ဆင်ရေး (မန္တလေး) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။ နောင်နောင်

#မြနန္ဒာ

#ရုံးပင်ရွာကြပ်ပြင်ရွာ

#စနိုက်ပါ

#Mizzia

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly