၂ နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတိုင်ကြားချက် ၁၀၀ ကျော်ရရှိခဲ့ဟု NUG ထုတ်ပြန်

By 001 (မဇ္စျိမ)
20 June 2023
၂ နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတိုင်ကြားချက် ၁၀၀ ကျော်ရရှိခဲ့ဟု NUG ထုတ်ပြန်

ကာလ နှစ်နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တိုင်ကြားချက် ၁၁၇ မှုကို လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့မှ ဇွန်လ ၁၉ ရက်နေ့တွင် ပူးတွဲထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ လက်ခံရရှိထားသည့် စာရင်းများကို ထုတ်ပြန်ခြင်းဖြစ်ပြီး အဆိုပါတိုင်ကြားချက်များတွင် အတည်ပြုနိုင်သည့်ဖြစ်စဉ် ၅၁ ခုနှင့် အတည်ပြုရန်ခက်ခဲသည့်ဖြစ်စဉ် ၆၆ ခုရှိကြောင်း ဆိုထားသည်။

ထိုအနက်မှ ၁၀၈ မှုမှာ စစ်ကောင်စီတပ်က ကျူးလွန်သည့်အမှုများဖြစ်ပြီး ကိုးမှုမှာ အရပ်သားအချင်းချင်း ကျူးလွန်မှုဖြစ်ကြောင်း ဖော်ပြထားသည်။ တော်လှန်ရေးအင်အားစုများက ကျူးလွန်ကြောင်း ဖော်ပြတိုင်ကြားသည့်အမှု ၁၃ မှုလည်းပါဝင်သည်ဟု NUG ကဆိုသည်။

အာဏာသိမ်းကာလတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်ရာတွင် အကန့်အသတ်များ၊ အားနည်းချက်များ လွန်စွာရှိနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင့် အမျိုးသမီးများအား အကူအညီပေးနေသည့်အဖွဲ့အစည်းများ၏ ကူညီနိုင်မှုမှာလည်း အားနည်းနေရကြောင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“အထူးသဖြင့်တော့ ကာမလိမ်လည်မှုတွေရှိတယ်။ ပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုပေါ့နော်။ ကိုယ့်ရဲ့ မိန်းမကို ပြန်ပြီးမှ လုပ်ချင်သလိုလုပ်တဲ့ဟာပေါ့။ ပြောချင်တာ၊ ပြီးတဲ့အခါ အထူးသဖြင့် ဖခင်တွေကိုယ်တိုင်ကိုယ်က ကိုယ့်ရဲ့သမီးတွေကို အများအသိမှာ ပေါ်ပေါ်တင်တင်ပဲ ကျူးလွန်ပြီးတော့မှ အဲ့ဒီလိုမျိုးပေါင်းသင်းသွားနေတဲ့ဟာတွေပေါ့။ အဲ့တာမျိုးတွေ ဖြစ်နေပါတယ်” ဟု ဆိုသည်။

သို့သော် အဆိုပါအမှုများ၊ ဖြစ်စဉ်များနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပဋိပက္ခကာလအတွင်း လိင်အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် လူ့အဖွဲ့အစည်းဝင်အားလုံး ပါဝင်သည့် စုပေါင်းအားထုတ်မှုလိုအပ်ကြောင်း NUG ၏ အဆိုပါဝန်ကြီးဌာနနှစ်ခုက တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လိင်အကြမ်းဖက်ခြင်းအမျိုးမျိုးကို ကာကွယ်နိုင်ရန် လမ်းညွှန်ချက်များ၊ ဥပဒေနှင့် နည်းဥပဒေများပြဋ္ဌာန်းကာ လုပ်ဆောင်ထားပြီးဖြစ်သကဲ့သို့ ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုလည်း အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှထုတ်ပြန်ခဲ့သည့် စစ်တမ်း၌ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်သားများမှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကာယိန္ဒြေ ထိပါးနှောက်ယှက်မှု ကိုးမှု ရှိခဲ့သည်။

ထို့အတူ စစ်တပ်မဟုတ်သည့် အခြားသောလက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သည့်အမှု လေးမှု၊ အရပ်သားအချင်းချင်း ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၂၃ မှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ကာမလိမ်လည်မှု ၂၃ မှုရှိကြောင်း ပါရှိကြောင်းဆိုသည်။

စစ်ကောင်စီတပ်က ၎င်းတို့အား ဆန့်ကျင်သူများအား ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများအပြင် ကျား၊ မ မရွေး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စစ်ကြောရေးကာလအတွင်း ကျူးလွန်ခဲ့ကြောင်းလည်း BWU က ဖော်ပြခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required