ကနီတွင် ကင်းလှည့်နေသည့်ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
20 June 2023
ကနီတွင် ကင်းလှည့်နေသည့်ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့၊ အမှတ်(၃)ရပ်ကွက် ကြို့ပင်သာဘုရားအနီးတွင် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၇ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၁၉ ရက် နံနက် ၇ နာရီတွင် တိုက်ခိုက်ခဲ့ရာ ရဲတပ်သား သုံးဦးသေဆုံးသွားသည်ဟု Dictatorship People’s Revolution Army (DRPA)တပ်ဖွဲ့ထံမှ သိရပါသည်။

“ကျနော်တို့ဘက်က အင်အား ၅၀ လောက်နဲ့ စောင့်ကြိုပြီးတိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု တစ်နာရီခန့်အတွင်း ရဲတပ်သား သုံးဦးသေဆုံးတယ်၊ ထိခိုက်ဒဏ်ရာရသူတွေများမယ်” ဟု DRPA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များသည် ကနီဆေးရုံ တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်များထံမှ G3 မောင်းပြန်သေနတ် တစ်လက် ၊ G3 ကျည်အတောင့် ၉၀၊ ကျည်ဘောက်သုံးခု၊ ဖုန်းတလုံး၊ ကျည်ကာနှစ်ခု၊ စာရွက်စာတန်းများနှင့် ငွေကျပ် ၂၀၀,၀၀၀ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၃၀) (DRPA) တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း ကနီမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် ဒေသခံတဦး ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း DRPA တပ်ဖွဲ့ထံမှ သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly