မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဆိုင်ကယ်အပိုပစ္စည်းသိုလှောင်သည့် နေအိမ်တအိမ်တွင် ၂၄ နာရီအတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသက်ရာတွင် ပါဝင်ခဲ့သူများကပြောသည်။
ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်၊ ၆၃ (A) လမ်းနှင့် ၁၃၂ လမ်းထောင့်ရှိ ဆိုင်ကယ်အပိုပစ္စည်း သိုလှောင် ထားသည့် နေအိမ်တအိမ်တွင် ဇွန်လ ၁၈ ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယနေ့ ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းတွင်လည်း မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။
“ဆိုင်ကယ်အပိုပစ္စည်းသိုလှောင်တဲ့အိမ် ညကမီးလောင်တယ်။ မီးကအတွင်းထဲမှာ လှိုက်လောင်တာဆို တော့ နှစ်နာရီလောက်မီးငြှိမ်းလိုက်ရတယ်။ အခုနေ့လယ်ပိုင်းမှာ တခါထပ်လောင်ပြန်တယ်။ မီးအကြွင်း အကျန်ကနေထပ်လောင်တာပါ။ ဆိုးဆိုးရွားရွား မဟုတ်ပါဘူး” ဟု မီးလောင်မှုဖြစ်စဥ်ကို သွားရောက် ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူက ပြောသည်။
နေအိမ်အပေါ်ထပ်တွင် ပေါက်ပြဲနေသည့် လျှပ်စစ်မီးကြိုး အပူလွန်ကဲရာမှတဆင့် မီးစတင်လောင်ကျွမ်း ခဲ့ခြင်းဟုသိရပြီး မီးလောင်မှုကို ထိစပ်နယ်မြေအသီးသီးရှိ မီးသတ်စခန်းများမှ မီးသတ်ဝန်ထမ်းများနှင့် မြို့ခံလူမှုကူညီရေးအသင်းများပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရသည်။
မီးလောင်မှုကြောင့် ဆိုင်ကယ်အပိုပစ္စည်း ကာလတန်ကြေး ကျပ်သိန်း ၆၀ ကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာနထံကမှသိရသည်။
မန္တလေးမြို့တွင် ဇွန်လ ၁၈ ရက်နေ့ညပိုင်းက ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်တွင်လည်း လမ်းဘေးထရန်စဖော်မာပုံးရှော့ခ်ဖြစ်ပြီး မီးလန့်မှု ဖြစ်ပွားခဲ့သေးသည်။
Photo - Than Htay
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ