ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်သတ္တိများကို စံပြုအတုယူရ မည်ဟု NUG ယာယီသမ္မတပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်သတ္တိများကို စံပြုအတုယူရ မည်ဟု NUG ယာယီသမ္မတပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်သတ္တိများကို စံပြုအတုယူရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းရင်း အကျဉ်းကျခံနေရသော အသက် ၇၈ နှစ်ပြည့်မြောက်သောမွေးနေ့ရှင်ကို ဂုဏ်ပြုလိုက်သည်။

" ဒေါ်အောင်ဆန်း စုကြည်ဟာ စွန့်စားရဲတယ်၊ ဇွဲနပဲ သိပ်အားကြီးတယ်။ လူထုလွတ်လပ်ခွင့်နဲ့ လူထုအကျိုးစီးပွားအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစိုက်မတ်မတ် အနစ်နာခံမှုဟာ တော်ရုံ ဘယ်သူမှ မမှီနိုင်တဲ့ အဆင့်အတန်းမျိုးမှာ ရှိပါတယ်။ အဲသည့်အတွက် ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားဦးညွှတ်မိပါတယ်။ ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စိတ်ဓာတ်သတ္တိတွေကို အမှတ်တရအနေနဲ့ပဲ ထားရမှာ မဟုတ်ပါဘူး။ စံပြု အတုယူကြရမယ်လို့ အထူးပြောကြားချင်ပါ တယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။

မွေးနေ့ရှင်မပါဝင်နိုင်သည့် မွေးနေ့ပွဲကို ဝမ်းနည်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ မိမိနှင့် အသက်အပိုင်းအခြားကွာခြား မှုမရှိကြောင်း၊ ပြည်သူများပေးပို့သည့် မေတ္တာကို ရရှိမည်ဟု ယုံကြည်ကြောင်း သမ္မတကြီးကပြောသည်။

" ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်အဖြစ်ကို ရရှိခဲ့သလို၊ တိုင်းပြည်ကို ဦးစီးဦးဆောင် ပြုခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံရေးအရ နည်းနာပိုင်း / မဟာဗျူဟာပိုင်း အတိမ်းအစောင်း အချွတ်အချော်ဖြစ်တာ ရှိကောင်းရှိနိုင်ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ဟာ တိုင်းပြည်နဲ့ လူထုအပေါ် စေတနာ မယုတ်လျော့ခဲ့ပါ ဘူး။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘဝ ဖြတ်သန်းမှု တစ်လျှောက်လုံးက သက်သေခံနေပါတယ်။ လူထုအပေါ်မှာ ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ကောင်း စေတနာဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်အရှား ပြယုဂ်တစ်ခုအနေနဲ့ နှစ်ပေါင်းများစွာ ထင်ကျန်ရစ်နေပါလိမ့်မယ်" ဟု ၎င်းကဆက် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်များက နိုင်ငံရေး ဇာတ်ခုံ ပေါ်မှ တွန်းချရန် အားထုတ်ခဲ့သည်ဟု ယာယီသမ္မတကြီးက ပြောသည်။

" ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားဖို့ ကြိုးစားခြင်းဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုတရားမျှတမှုကို ငြင်းဖျက်တာနဲ့ အတူတူပဲလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ လူထုလွတ်လပ်ခွင့်အတွက် အမြဲတိုက်ပွဲဝင်နေကြရပါလိမ့်မယ်" ဟု သမ္မတကြီးက သတိပေး သည်။

နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်တခုတည်းဖြင့် သွားနေသည့် လူထု တော်လှန် ရေးမဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ လတ်တ လောတွင် တိုင်းပြည်နှင့် လူထုကို ရှေ့ဆောင်ရန် အခက်အခဲဖြစ်နေသည့်အချိန်ဖြစ်ကြောင်း၊ သို့သော် သူမပြောကြားခဲ့သည့် လမ်းညွန်ချက်ဟောပြောချက်များ ရှိသည်ဟု ယာယီသမ္မတကြီးက ပြောသည်။

" အတိတ်မှာ ဒေါ်အောင်ဆန်းစုကြည် လမ်းပြသွန်သင်ဟောပြော ခဲ့တဲ့ လမ်းညွှန်ချက်တွေ အမြောက်အမြား ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ လူထုကိုလည်း လမ်းညွှန်ခဲ့တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်လည်း လမ်းညွှန်ချက်တွေ ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလမ်းညွှန်ချက်တွေဟာ အချိန်ကာလ ကြာညောင်း ခဲ့ပေမယ့် မပုတ်မသိုးဘဲ တည်ရှိနေတဲ့ လမ်းညွှန်ချက် အမြောက်အမြားရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့ သတိရကြဖို့ ဖြစ်ပါတယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly